ဖိလစ်ပိုင်နိုင်ငံက Black Hawk ရဟတ်ယာဉ်သစ် ၃၂ စင်း ဝယ်ယူမည်

မနီလာ ဇန်နဝါရီ ၁၇

 

ဖိလစ်ပိုင်နိုင်ငံသည် သက်တမ်းကြာမြင့်နေပြီဖြစ်သော စစ်လက်နက် စွမ်းပကားကို အဆင့်မြှင့်တင်ရန် အင်ဂျင်စက်နှစ်လုံး တပ်ဆင်ထားသည့် Black Hawk အမျိုးအစား ရဟတ်ယာဉ် သစ် ၃၂ စင်းကို ဝယ်ယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်အစိုးရသည် အမေရိကန် ပြည်ထောင်စုက အသုံးပြုခဲ့သည့် ဗီယက်နမ် စစ်ပွဲကာလ ရဟတ်ယာဉ်များ နှင့် ဒုတိယကမ္ဘာစစ်ကာလ စစ်သင်္ဘောများကို အဆင့်မြှင့်တင်ရန် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။

 

ပိုလန်နိုင်ငံအခြေစိုက် အမေရိကန် ကာကွယ်ရေးစက်ရုံဖြစ်သည့် လော့ခ် ဟိမာတင်က ပိုင်ဆိုင်သော ကာကွယ်ရေးကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သည့် S-70i Black Hawk အမျိုးအစား  ရဟတ်ယာဉ် ၃၂ စင်းအနက် ပထမအသုတ် ရဟတ်ယာဉ်များသည် လာမည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင်လိုရင်ဇာနာက ၎င်း၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

အဆိုပါ ရဟတ်ယာဉ်များသည်  လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေးဒဏ် တုံ့ပြန်ရေးအတွက် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။  ဖိလစ်ပိုင်အစိုးရသည် လေတပ်၏ Bell UH-1H အမျိုးအစား ရဟတ်ယာဉ် ပျက်ကျခဲ့ပြီးနောက် ယင်းလေယာဉ်အုပ်စု နေရာတွင် အစားထိုးလဲလှယ်ရန် S-70 Black Hawk ရဟတ်ယာဉ် ၁၆ စင်းကို ဝယ်ယူရန် ယမန်နှစ်က မှာယူခဲ့ပြီး ယင်းတို့အနက် လေယာဉ်အများအပြားကို ဖိလစ်ပိုင်၏ ရေရှည်စစ်ဘက် မဟာမိတ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုထံမှ ရရှိခဲ့ကြောင်း သိရသည်။

 

ဖိလစ်ပိုင်လေတပ်၏ လေ့ကျင့်မှု တစ်ရပ်ပြုလုပ်စဉ် S-70i အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လူခြောက်ဦး သေဆုံးခဲ့ပြီးနောက် ယမန်နှစ်ဇွန်လက Black Hawk ရဟတ် ယာဉ်အားလုံးကို ပျံသန်းခွင့်ရပ်ဆိုင်း လိုက်သည်။ ။

 

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၇၅သန်းဖြင့် အိန္ဒိယထုတ် သင်္ဘောဖျက် ဒုံးကျည်စနစ်တစ်ခု ဝယ်ယူမည်ဖြစ်ပြီး ယင်းဒုံးကျည်စနစ်သည် ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းပကားကို တိုးမြှင့်စေမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လိုရင်ဇာက ဇန်နဝါရီ ၁၄ ရက် တွင် ကြေညာခဲ့သည်။

 

ဖိလစ်ပိုင်အစိုးရသည် တောင်ကိုရီးယားနိုင်ငံ၏ ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းမှ စစ်သင်္ဘောသစ် နှစ်စင်း မှာယူခဲ့ကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ