ဖိလစ်ပိုင်မှာ အီး-စီးကရက် သုံးစွဲခြင်းကို တားမြစ်သွားမယ်

၂၀ နိုဝင်ဘာ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လူမြင်ကွင်းမှာ အီး-စီးကရက် (e-cigarette) သောက်သုံးသူတွေကို ဖမ်းဆီးနိုင်ကြောင်း၊ အီးစီးကရက်သောက်သုံးခြင်းကို တားမြစ်သွားမယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အာရှမှာ ဆေးလိပ်တိုက်ဖျက်ရေးအတွက် စည်းမျဉ်းတွေက တင်းကျပ်ပြီးသားနိုင်ငံ ဖြစ်ပါတယ်။

ဒူတာတေးရဲ့ မူးယစ်ဆေးတိုက်ဖျက်မှုဟာ  နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီးဖြစ်ပါတယ်။ အီးစီးကရက် သောက်သုံးခြင်းကို တားမြစ်သွားမှာဖြစ်ပေမယ့် နေ့ရက်ကိုတော့ အတိအကျ ပြောကြားသွားခြင်း မသေးပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဒူတာတေးက “အီးစီးကရက်ကို တားမြစ်သွားမယ်။ တားမြစ်မယ်ဆိုရာမှာ သုံးစွဲခြင်းနဲ့ နိုင်ငံအတွင်းကို တင်ပို့ခြင်းပါ အကျူံးဝင်မယ်။ လူတိုင်းက  လိုက်နာမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ အဆိပ်ဖြစ်လို့ပါ” လို့ အရင်က ဆေးလိပ်သောက်သူ ဒူတာတေးက ပြောပါတယ်။

“အခုဆေးလိပ်က လျှပ်စစ်နဲ့ပါလို့ မပြောနဲ့။ ဆေးလိပ်သောက်တာကို ရပ်လိုက်တာက ကောင်းမယ်။ ဘာလို့လည်းဆိုတော့ အခန်းတွင်းမှာ သောက်ရင် ဖမ်းဖို့အတွက် အမိန့်ပေးမှာ ဖြစ်လို့ပါ” လို့ ဒူတာတေးက ဆက်ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အသက်၁၆ နှစ်ရွယ် အမျိုးသမီးငယ်တစ်ဦးဟာ အီးစီးကရက်နဲ့ ဆက်နွယ်တဲ့ အဆုတ်ရောဂါရပြီး သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဦးဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာ သမ္မတ ဒူတာတေးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

mdn

 

ဒူတာတေး သမ္မတ မဖြစ်မီကတည်း ဖိလစ်ပိုင်နိုင်ငံမှာ တိုဘာကိုဆေးလိပ် ကြေငြာခြင်းကို တားမြစ်ပြီး စီးကရက်ဗူးပေါ်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဆိုးကျိုးရရှိတဲ့ ပုံတွေကို ရိုက်နှိပ်ထားဖို့ ဥပဒေက ရှိပြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် က စပြီး အီးစီးကရက်ဟာ လူသုံးများလာရာ အီးစီးကရက်နဲ့ ပတ်သတ်ပြီး သေဆုံးမှုတွေ နဲ့ ဖျားနာမှုတွေ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားပြီးနောက်ပိုင်း တချို့နေရာတွေမှာ   အီးစီးကရက် သောက်သုံးခြင်းကို တားမြစ်ထားပါတယ်။

 

၂၀၁၉ ခုနှစ် စက်တင်ဘာမှာ အိန္ဒိယနိုင်ငံဟာ လူငယ်တွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် အီးစီးကရက် တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ကြေငြာခြင်းတွေကို ပိတ်ပင်တဲ့ နောက်ဆုံးနိုင်ငံဖြစ်ပါတယ်။

အီးစီးကရက်ကို ဘရာဇီး၊ စင်ကာပူ၊ ထိုင်း နဲ့ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်မှာ ပိတ်ပင်ပြီးဖြစ်ပါတယ်။

MDN

ကိုးကား- AFP

 

mdn