ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ILBC ကျောင်းတို့ ပူးပေါင်းကျင်းပသော သင်ကြားသင်ယူမှု စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  ၉    ဒီဇင်ဘာ

 

ပညာရေးဝန်ကြီးဌာန၊ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ILBC တို့ ပူးပေါင်း ကျင်းပသော သင်ကြားသင်ယူမှုစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးနာယက က သြဝါဒစကား မြွက်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ပညာရေးသည် အဓိကအရင်းအနှီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုမှစတင်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာကဏ္ဍကိုအဓိကထား ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေး ဆောင်ရွက်နေပါကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရကျောင်းများ သာမကပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ ဆရာမများ၏ အရည်အသွေးများကို ပိုမိုမြှင့်တင်ပေးခြင်းအားဖြင့် အရည်အသွေးမြင့် မား၍ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို ပိုမိုမွေးထုတ်ပေးနိုင် မည်ဖြစ်ပါ ကြောင်း၊ သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်းပညာရေးအတွက် ဘာသာစုံသင်ရိုးညွှန်းတမ်းစာအုပ်များ အားလုံးပြီးစီး မည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ်တွင် မူလတန်း ပြအားလုံးကို (Grade-4)စတုတ္ထတန်းသင်တန်း၊ အလယ်တန်းပြ ဆရာ ဆရာမများ အားလုံးကို (Grade-7) သတ္တမတန်းသင်တန်းနှင့် အထက်တန်းပြ ဆရာ ဆရာမများ အားလုံးကို (Grade-10) ဒသမတန်းသင်တန်းများ ပေးသွားမည်ဖြစ်ပါကြောင်း၊  ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင် ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်ကို ထိရောက်စွာအသုံးပြုနိုင်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊တာဝန်ခံဆောင်ရွက် တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးပူးပေါင်း၍ ကျောင်းသားကျောင်းသူများ မူးယစ် ဆေးဝါး အန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ် ဆေးရွက်ကြီးအရက်နှင့်ကွမ်းယာ သုံးစွဲမှု ကင်းစင်ပပျောက်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများလိုက်နာ ကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးမှစ၍ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးများက လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း သင်တန်းသား သင်တန်းသူများအား ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။

 

ယင်းနောက် ILBC မှ မန်နေးဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက ဝမ်းမြောက် စကားပြောကြားပြီး Hanns Seidel Foundation ကိုယ်စားစီမံကိန်းမန်နေဂျာ ဒေါ်မြသက်နွယ်က လွှတ်တော်ဆိုင်ရာ အသိပညာပေး စာစောင်များ အကြောင်း ရှင်းလင်းတင်ပြ၍ စာအုပ်များကို ပေးအပ်လှူဒါန်းသည်။

 

မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 

သင်ကြားသင်ယူမှုစွမ်းရည်မြှင့်သင်တန်းအား ဒီဇင်ဘာ ၇ ရက်မှ ၁၃ရက်အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်းများမှ ဆရာ ဆရာမ တက်ရောက်ကြသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်များသို့သွားရောက်၍ တက္ကသိုလ် အတွင်း ဆောင်ရွက်ပြီးဆောင်ရွက်ဆဲ လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အသီးသီးတွင် သုတေသနနှင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး၊ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများကိုအတူတကွ ပူးပေါင်းဆောင်ရွက်၍ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)