ဖောင်းပြင်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းတွင် ဖောင်းပြင်မြို့နယ်၊ ဗျူဟာလမ်းမကြီး-မိုင်းချောင်းကျေးရွာသွား တောလမ်းတွင် စံမင်းထွန်းနှင့် ဝင်းနိုင် တို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝဝဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း၊

 

အလားတူ ယင်းနေ့ နံနက် ၁၁နာရီခွဲတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာနေ မနှိုက်ပါး၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀ဝ၊ ဘိန်းဖြူ သုည ဒသမ ဝဝ၃ ကီလိုနှင့် မြန်မာငွေ ကျပ် ၁၄၄,ဝဝဝ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)