ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

လွိုင်ကော် ၁၅ ဇူလိုင်

 

ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်းစာစောင်များကို ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

7

 

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုနှင့် ပတ်သက်သော သဘောသဘာဝများကို ရှင်းလင်းဆွေးနွေးပြီးနောက် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ နှစ်လိုဖွယ်မကောင်းသော အတွေ့အကြုံသည် လူတိုင်း၌ရှိနေပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှုတိုင်းသည် အသေးအဖွဲမဟုတ်ဘဲ နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးနိုင်လောက်အောင် ကြီးမားပါကြောင်း၊ အဂတိလိုက်စားမှုများမှ ရရှိသောငွေကြေးများသည် ပဋိပက္ခများကို ကြီးထွားစေခြင်း၊ မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးခဝါချမှု အစရှိသည့် ဒုစရိုက်လုပ်ငန်းများကို ဖြစ်ပေါ်စေပါကြောင်း၊ ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင်များ (SDGs)သည် နိုင်ငံများတွင် အဂတိလိုက်စားမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းမရှိပါက အဓိကကျသော ပန်းတိုင်များဖြစ်သည့် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှု၊ ကျန်းမာရေး၊ ပညာရေး၊ တန်းတူညီမျှရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ရေကောင်းရေသန့်ရရှိရေး အစရှိသည့် ပန်းတိုင်များအပါအဝင် ပန်းတိုင် (၁၇) ခုစလုံးကို အောင်မြင်ရန် အဓိကကျသော အခက်အခဲဖြစ်နေသည်ကို ကမ္ဘာ့ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက စိုးရိမ်ကြောင့်ကြဖြစ်နေရပါကြောင်း၊ ဤအချက်များကို ထောက်ရှုခြင်းဖြင့် အဂတိလိုက်စားမှုသည် နိုင်ငံရေးပြဿနာဖြစ်သည်ကို ကောင်းစွာ သဘောပေါက်နိုင်ကြမည်ဟု ယူဆပါကြောင်း။

 

ထို့ကြောင့် အဂတိလိုက်စားမှုပြဿနာကို ကော်မရှင်တစ်ခုတည်းက မဖြေရှင်းနိုင်ဘဲ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ရှိသူ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများသာမက စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် လူတိုင်းပူးပေါင်း ပါဝင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ရှိသူများသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ သိရှိနားလည်ပြီး ကော်မရှင်နှင့်အတူ ပူးပေါင်းအကောင်အထည် ဖော်နိုင်ရေးအတွက် ဤအသိပညာပေး ရည်ညွှန်းစာစောင်များကို ဖြန့်ဝေပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက် ရှင်းလင်းဖော်ပြထားသော “ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် စုပေါင်းညီညွတ်ကြပါစို့” ခေါင်းစဉ်ဖြင့် Video Clip အား ပြသသည်။

 

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌမှ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျော်လင်းမောင်တို့ထံသို့ ရည်ညွှန်းစာစောင်များကို လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများ လေ့လာနိုင်ရေးစီမံပေးမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် တစ်ဦးချင်းလိုက်နာကျင့်သုံးရန် အဓိကအချက်ဖြစ်ပါကြောင်း၊ ရည်ညွှန်းစာစောင်များကိုလေ့လာ၍ စာအုပ်ပါရည်ရွယ်ချက်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရည်ရွယ်ချက်များအတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားသည်။

 

သတင်းစဉ်