ဖားကန့်၌ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတစ်ခု မီးလောင်မှုဖြစ်ပွား

ဖားကန့် ၁၅ ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ဆင်ဂေါင်းတောင်ကုမ္ပဏီတွင် ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခန့်က ကုမ္ပဏီပိုင်မီးစက်နိုးပြီး မိန်းတင်ရာမှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

5174

 

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအနီး လုံးခင်းနယ်မြေရဲစခန်း၏ အနောက်ဘက် ကပ်လျက်တွင်ရှိသည့် ဆင်ဂေါင်းတောင်ကုမ္ပဏီ၌ ညပိုင်း ကုမ္ပဏီပိုင် မီးစက်နိုးပြီး မိန်းတင်ရာမှ ရှော့ဖြစ်ပွားပြီး အနီးရှိထရံကိုမီးကူးကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် အလျားပေ(၁၀၀)၊ အနံပေ(၃၀)ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် ကုမ္ပဏီအလုပ်သမားတန်းလျား အဆောက်အဦတစ်လုံးနှင့် အလျားပေ(၄၀)၊ အနံပေ(၃၀)ရှိ သွပ်မိုး၊ ထရံကာ၊ (၁)ထပ် ကုမ္ပဏီရုံးခန်းအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်သည့်နေရာသို့ နယ်မြေခံတပ်မ၊ တပ်ရင်းမှ အရာရှိနှင့်စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးလောင်ပြီးနာရီဝက်ခန့် အကြာတွင် မီးညွှန့်ကျိုးခဲ့ပြီး (၄၅)မိနစ်ခန့်တွင် လုံးဝမီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှ မီးစက်အားပေါ့ဆစွာသုံးစွဲသူ ဝေလင်းအောင် (၂၅)နှစ်၊ (ဘ)ဦးညိုဝင်း၊ ဆင်ဂေါင်းတောင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီဝန်ထမ်းအား လုံးခင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)