ဖားကန့်မြို့နယ်၌ မီးပလပ်ခုံအပူလွန်ကဲ၍ နေအိမ်ငါးလုံးမီးလောင်

ဖားကန့်  ၂    ဧပြီ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာ၌ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်ငါးလုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ က ဖားကန့်မြို့နယ်၊ တာမခံကျေးရွာ၊ ရပ်ကွက်(၂)နေ မင်းခန့်ကျော်(၂၁ နှစ်)၏နေအိမ်၌ မီးစက်နှိုး၍အသုံးပြုရာမှ မီးပလပ်ခုံအပူလွန်ကဲကာ နေအိမ်သို့မီးကူးစက်လောင်ကျွမ်းခဲ့ကာ နေအိမ်ငါးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းရာနေရာသို့ ဖားကန့်မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးပြေငြိမ်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြိမ်းသတ်ရာ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် မင်းခန့်ကျော်အား ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)