ဖားကန့်မြို့နယ်၌ ကားနှင့်ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူအမျိုးသမီး သေဆုံး

ဖားကန့်  ၁၅   ဖေဖော်ဝါရီ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲက ကျောက်မျက်တူးဖော်ရေးကုမ္ပဏီယာဉ်နှင့် ဆိုင်ကယ်စီးနင်းလာသူအမျိုးသမီးတစ်ဦး မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီး သေဆုံးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီး စွန့်ပစ်မြေစာပစ်သည့် လမ်းကြောင်းတွင် တစ်သုံးလုံးကုမ္ပဏီယာဉ်မောင်း ဇော်မျိုး(၂၀ နှစ်)မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်နှင့် မြေစာပုံတွင် ဈေးရောင်းချရန် ဝှေခါကျေးရွာ၊ မှော်သစ်ကုန်းနေ မခင်သက်ဝေ(၂၄ နှစ်) မောင်းနှင်လာသည့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့၍ မခင်သက်ဝေမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။
 သေဆုံးသူရုပ်အလောင်းအား ဝှေခါကျေးရွာလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ဝှေခါတိုက်နယ် ဆေးရုံသို့ ဆိပ်မူနယ်မြေရဲကင်းစခန်းမှ တာဝန်ရှိသူများက ရဲဆေးစာရေးသားပို့ဆောင်ထားကာ ယာဉ်မောင်းဇော်မျိုးအား ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)