ဖားကန့်မြေပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ထောက်ပံ့ကူညီ

ရန်ကုန် ၇ ဇူလိုင်

 

ဇူလိုင် ၂ ရက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါးကျေးရွာတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လိုအပ်သည့် လူမှုကရုဏာအကူအညီများနှင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြေပြိုကျမှုဖြစ်ပွားသည်မှ စတင်၍ ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

 

ဇူလိုင် ၃ ရက်တွင် ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ်အတွင်း အရေးပေါ်ယာယီတဲများတွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များနှင့် ကူညီဆောင်ရွက်နေသူများအား နှာခေါင်းစည်းများ၊ သောက်ရေသန့်များနှင့် အစားအသောက်များကို ဖြန့်ဝေပေးခြင်း၊ စိတ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာအား ပေးကူညီခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ ဇူလိုင် ၄ ရက်တွင် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသူ (၁၄)ဦးနှင့် ဝှေခါကျေးရွာတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသူ (၁၃)ဦး စုစုပေါင်းထိခိုက်ဒဏ်ရာရသူ (၂၇)ဦးတို့အတွက် အသင်းမှထောက်ပံ့သော အမျိုးသားတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများအပြင် ဒိန်းမတ်ကြက်ခြေနီအသင်း၏ အထောက်အပံ့ဖြင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးလျှင်ငွေကျပ် (၁) သိန်းစီကို ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၊ အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် တာဝန်ရှိသူများမှ ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးသည်။

 

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ အထောက်အပံ့ဖြင့် ဆေးကုသမှုခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများ ၎င်းတို့၏ မိသားစုဝင်များနှင့် ဖုန်းဆက်သွယ်မှု အဆင်ပြေစေရန် ရည်ရွယ်ကာ အသင်းဌာနချုပ်မှ ထိခိုက်ဒဏ်ရာ ရသူတစ်ဦးလျှင် ကျပ် (၅၀၀၀) တန် ဖုန်း‌ငွေဖြည့်ကတ်များကို ဆေးကုသမှုခံယူနေသူ စုစုပေါင်း (၂၇)ဦးအတွက် ထောက်ပံ့ပေးအပ်သည်။

 

သေဆုံးသူများနှင့် ဆေးရုံတက်ကုသမှု ခံယူသူများစာရင်းများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန Hotline တယ်လီဖုန်းနံပတ်ကို အသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာထားရှိပြီး လိုအပ်သော လူမှုကရုဏာ အကူအညီများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင် တစ်ဦးချင်းစီကို ထောက်ပံမှုများပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထိခိုက်ခံစားရသည့်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

ဝင်းအောင်(MRCS)