ဖားကန့်၊ လွိုင်ကော်၊ ခါမ်းပါတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂ ရက် ည ၇ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ အိမ်အမှတ် (၇/၂၄)နေ ရွှေတိုး၏နေအိမ်ကို ရှာဖွေရာ ဘိန်းစိမ်း  ၁ ဒသမ ဝ၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ည ၈ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူ-ဝှေခါသွားကားလမ်းတွင် သောင်းစိန်(ခ)မြသောင်းမောင်းနှင်ပြီး မိုးမင်းဝင်း(ခ)မိုးမင်း လိုက်ပါလာသော TOYOTA HILUX SURF အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ဇွန် ၃ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ ပတ္တမြားလမ်းနေ ကြည်မင်းဦး(ခ)ဂျိုကာ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀၊ မြန်မာငွေကျပ် ၂၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ ကန္တရဝတီလမ်း၊ အိမ်အမှတ်(မ/၄)ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀ဝ၊ ဘိန်းဆီခဲ သုည ဒသမ ၆ ကီလိုတို့ကိုလည်းကောင်း။

 

အလားတူ ဇွန် ၂ ရက် ည ၇ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ နန်းခေါက်ခေါက်ကျေးရွာအနီး၊ တမူး-ကလေးသွား ကားလမ်းတွင် အောင်အောင်မောင်းနှင်ပြီး ဇနီးဖြစ်သူ မမော်လိုက်ပါလာသည့် SOJEN အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကျွန်းတောရေရှင်ကျေးရွာအုပ်စု၊ နန်းကတိတ်ကျေးရွာအနီး၌ တားဆီးရမိသဖြင့် ယာဉ်အားရှာဖွေရာ ငွေကျပ် ၂၄၅၅ ဒသမ ၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ဝ၉၂ ကီလိုနှင့် ၎င်းတို့ထံမှ လက်ကိုင်ဖုန်း ၃ လုံးသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဇွန် ၃ ရက် နံနက် ၁၀ နာရီတွင် တမူးမြို့၊ စော်ဘွား(၄)ရပ်ကွက်ရှိ ကျင်ဆွင်ခိုင်(ခ)ကိုခိုင်၏နေအိမ်ကို ရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ကလေးခရိုင် ပြည်သူ့ဆေးရုံရှေ့၌ ကျုံးအုပ်ထန်းအား မြန်မာငွေကျပ် ၉၄၀,ဝ၀ဝ၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား