Pfizer ဆေးကုမ္ပဏီက ကာကွယ်ဆေး သန်း ၄၀ ကို  အမြတ်အစွန်းမယူဘဲ ရောင်းပေးမယ်လို့ ကြေညာ

၂၃ ဇန်နဝါရီ

 

Pfizer ဆေးကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး သန်း ၄၀ ကို အမြတ်အစွန်းမယူဘဲ ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဉ် (Covax) ထံ ရောင်းပေးမယ်လို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး တိုက်ဖျက်ရန်အတွက် ချမ်းသာတဲ့ နိုင်ငံအများစုမှာ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ် စတင်နေပေမယ့် ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ဟာ အလှမ်းဝေးနေတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကာကွယ်ဆေး ဝယ်ယူရေးအဖွဲ့ (Gavi) တို့က ဦးဆောင်ပြီး ကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ် Covax ကနေ ဝင်ငွေနည်းတဲ့ နိုင်ငံတွေကို ကာကွယ်ဆေး ထောက်ပံ့ရေး လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

mdn

 

Covax အစီအစဉ်ကနေ ကမ္ဘာ့ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး  ဖေဖော်ဝါရီမှာ စတင်ထောက်ပံ့နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

 

Pfizer ဆေးကုမ္ပဏီထုတ် ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်သုံးစွဲခွင့် ရရှိထားတဲ့ ဆေးဖြစ်ကြောင်း သိရပါတယ်။

 

Pfizer ရဲ့ အကြီးအကဲ အဲဘတ် ဘိုလာ က ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးကို ညီတူမျှတူ ရရှိရေးအတွက် Covax အစီအစဉ်အား အမြတ်အစွန်းမယူဘဲ ကာကွယ်ဆေး ရောင်းချပေးသွားမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိ ကျန်းမာရေးလုပ်သားတွေနဲ့ စိုးရိမ်ရတဲ့ လူတွေအတွက် ကာကွယ်ဆေး ထောက်ပံ့ရတာ ဂုဏ်ယူကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP

 

mdn