ပေါ်ဦးပေါ်ဖျား ဝဥများ အထွက်နှုန်းနည်းပါးသဖြင့် အဖွင့်ဈေးကောင်းဖြင့် စတင်ရောင်းချ

မန္တလေး   ၄  စက်တင်ဘာ

 

မန္တလေးဈေးကွက်တွင် သြဂုတ်လကုန်ပိုင်းက ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ဝဥများ အထွက်နှုန်း နည်းပါးသည့် အပြင် တရုတ်နှင့် ဂျပန်နိုင်ငံများ၏ အပြိုင်ဝယ်လိုအားကြောင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ကျော်အထိ အဖွင့်ဈေးကောင်းဖြင့် စတင်ရောင်းချနေကြောင်း သိရသည်။

 

အဆိုပါ ဝဥများမှာ ယခင်နှစ်များက ယခုလိုပေါ်ခါစအချိန်တွင် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ နှုန်းသာ အမြင့်ဆုံး ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် ဝဥခြောက် အဝါရောင် တစ်ပိဿာလျှင် ကျပ် ၁၀၇၀ဝ ဈေးဖြင့် စတင်ခဲ့ပြီး ဝဥ အဖြူရောင်မှာ ကျပ် ၁၀ဝ၀ဝ နှုန်းနှင့် အနီရောင်မှာ ကျပ် ၉၀ဝ၀ နှုန်းဖြင့် အဖွင့်ဈေး စတင်ခဲ့ကြောင်း မန္တလေးမြို့မှ အောင်မျိုးနိုင် ပွဲရုံပိုင်ရှင် ကိုမျိုးမြင့်က ပြောသည်။

 

''ဒီရက်ပိုင်းမှာတော့ ကျွန်တော်တို့ မန္တလေးဈေးကွက်ကို ဒေသပေါင်းစုံက ထွက်တဲ့ ဝဥတွေ စတင်ဝင်ရောက်လာပါပြီ။ စက်တင်ဘာ လကုန်ပိုင်းမှာတော့ လှိုင်လှိုင်အပေါ်ဆုံးအချိန်ပါပဲ ဒီနှစ်က အထွက်နှုန်းက နည်းတဲ့အတွက် အဖွင့်ဈေး ကောင်းနေတာပါ။ ဒီရက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းလို့ တရုတ်ကို တင်ပို့နိုင်ရင်တော့ ဈေးက ပြောင်းလဲသွား နိုင်တယ်'' ဟု ၄င်းက ပြောသည်။

 

ထို့ပြင် ဝဥဈေးကွက် အခြေအနေနှင့် ပတ်သက်၍ မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)ကလည်း “ဝဥ အထွက်နှုန်းက နည်းတဲ့အပြင် တရုတ်နဲ့ ဂျပန်ကလည်း ဝယ်လိုအားတွေ ကောင်းနေတဲ့အတွက် မနှစ်ကစပြီး ဈေးကွက်မှာ တစ်ခါမှ မရခဲ့ဘူးတဲ့ စံချိန်တင်ဈေးနှုန်းကို ရရှိနေခဲ့တယ်။ ဒီ ဝဥကို စိုက်ပျိုးပြီးပဲဖြစ်ဖြစ် အလေ့ကျ ပေါက်ပင်တွေကပဲ ဖြစ်ဖြစ် တူးဖော်ခွဲခြမ်းအခြောက်ခံပြီး ဈေးကွက်ကို တင်ပို့ရောင်းချနိုင်ကြတဲ့အတွက် ဒီလိုရာသီမှာတော့ ဒေသခံတောင်သူတွေ ဝဥရှာရင်း အပိုဝင်ငွေ ရရှိတဲ့အချိန်ပါပဲ”ဟု ပြောသည်။

 

ဝဥကို မြစ်ကြီးနား၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ဝန်းသိုနှင့် မော်လမြိုင်မြို့တို့မှ နှစ်စဉ် သြဂုတ်လကုန်ပိုင်းမှ အောက်တိုဘာလအတွင်း တူးဖော်ထွက်ရှိပြီး ချင်းပြည်နယ်တွင်မူ စက်တင်ဘာလမှ စတင်စိုက်ပျိုးကာ ဇန်နဝါရီ လကုန်ပိုင်း တွင် တူးဖော်ထွက်ရှိကြောင်း သိရသည်။

 

အောင်ဖြိုးကျော်