ပေါ်တိုကို အနိုင်ရရှိပြီး အက်သလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိခဲ့

ဒီဇင်ဘာ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်နောက်ဆုံး ပွဲစဉ်တွေထဲက ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိရေး အကြိတ်အနယ်ရှိနေခဲ့တဲ့ အုပ်စု(B)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တိုအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ အက်သလက် တီကိုမက်ဒရစ်အသင်းက ပေါ်တိုအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးစတင်ရရှိခဲ့

ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာပထမပိုင်းပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၅၆ မိနစ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက တိုက်စစ်မှူးဂရစ်ဇ်မန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ် အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ပေါ်တိုအသင်းကလည်း နောက်တစ်ဆင့်တက်လှမ်းခွင့်ရရှိရေးအတွက် ကစားအားမြှင့်လာခဲ့တာကြောင့် ချေပဂိုးမပေးရရေး ပြင်ဆင်လာတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပွဲကစားချိန် ၆၇ မိနစ်မှာ ကာရက်စကို တိုက်ရိုက်အနီကတ်ပြခံခဲ့ရကာ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို အက်သလက်တီကိုမက်ဒရစ်အသင်း ကစားသမားတစ်ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရချိန်မှာ ပေါ်တိုအသင်းဟာ နိုင်လိုစိတ် ပြင်းထန်ခဲ့လို့ အမှားအယွင်းများစွာရှိခဲ့ပြီး မိနစ် ၇၀ မှာ ဝမ်ဒဲလ်၊ ၇၅ မိနစ်မှာ မာချီဆင်တို့ဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ပေါ်တိုအသင်းဟာ ကစားသမား နှစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ပွဲကစားချိန် မိနစ် ၉၀ မှာ ကော်ရီယာရဲ့ သွင်းဂိုး ထပ်မံရရှိခဲ့တဲ့အပြင် နာကျင်အချိန်ပို နှစ်မိနစ်မှာ ဒီပေါလ်ရဲ့ သွင်းဂိုးတွေ ထပ်မံရရှိ ခဲ့တာကြောင့် သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပေါ်တိုအသင်းကတော့ နာကျင်အချိန်ပို ခြောက်မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကြောင့်သာ ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုးကိုတော့ အိုလီဗီရာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပေါ်တိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်မှာ ရမှတ်ခုနစ်မှတ်နဲ့ ၁၆ သင်းအဆင့် တက်လှမ်းခွင့်ရရှိခဲ့ပြီး ပေါ်တိုအသင်းကတော့ အက်သလက်တီကို မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်ငါးမှတ်နဲ့ အုပ်စုအဆင့်တတိယနေရာမှာ ရပ်တည်ခဲ့ကာ ယူရိုပါလိဂ်ကစားခွင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်