ပေါင်မြို့နယ်တွင် နတ်မြှားပင် ရှာဖွေခုတ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိ 

ပေါင် ၂၇  ဇန်နဝါရီ

 

ပေါင်မြို့နယ်တွင် တောင်ကြောတစ်လျှောက် သဘာဝအလျောက်ပေါက်သည့် နတ်မြှားပင်များကို ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းပစ္စည်းများအတိုင်း တင်ပို့ရောင်းချရန်အတွက် ကုန်သည်ကြီးများမှ လာရောက်ဝယ်ယူသဖြင့် နတ်မြှားပင် ရှာဖွေခုတ်ယူရောင်းချသူများ အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

mdn

 

“ယခင်က တနိုင်တပိုင် တံမြတ်စည်းလုပ်ဖို့အတွက်ပဲ ရှာဖွေခုတ်ယူကြတာပေါ့။ အခု နိုင်ငံခြားကို ပို့ဖို့လာဝယ်ကြတော့ ရွာလုံးနီးပါးပဲ ရှာဖွေခုတ်ယူကြတာပေါ့။ အခု နတ်မြှားပင် ရှာဖွေခုတ်ယူတဲ့အချိန်က အစဆိုတော့ တစ်ရွာလုံးလိုလို တောင်ပေါ်မှာ ခုတ်ယူရှာဖွေကြတယ်။ အချို့တွေက နေ့ချင်းရလာတဲ့ အပင်အစိုကို ရွာမှာရှိတဲ့ တစ်ဆင့်ခံ အဝယ်ဒိုင်တွေဆီကို သွင်းတယ်။ တစ်ချို့ကျတော့ ခုတ်ယူပြီး နေပူခံအခြောက်လှန်းပြီးမှ ရောင်းချကြတယ်။ သူ့ပေါက်ဈေးအတိုင်းပဲ အစိုရော၊ အခြောက်ရော ဈေးက တူတူပါပဲ။ ယောကျာ်လေးတစ်ဦးဆိုရင် တစ်နေ့ကို အပင် ၂၀ဝ၀ ဝန်းကျင်ခန့်နဲ့ အမျိုးသမီးဆိုရင် ၁၅၀ဝ ခန့် ခုတ်ယူနိုင်တယ်” ဟု ပေါင်မြို့နယ် ပန်းကုန်းကျေးရွာမှ နတ်မြှားပင် ရှာဖွေခုတ်ယူ ရောင်းချသူ ကိုတင်မြင့်မောင်က ပြောသည်။

 

ပေါင်မြို့နယ်အတွင်း တစ်ဆင့်ခံ နတ်မြှားပင်အဝယ်ဒိုင် ရှစ်ဦးဝန်ကျင်ခန့်ရှိပြီး နတ်မြှားပင်များကို ကုလားမတောင်နှင့် တောင်အရှေ့ဘက် တခွင်တွင် အလေ့အကျပေါက်ကာ နှစ်စဉ် ဇန်နဝါရီမှ မတ်အထိ ရှာဖွေခုတ်ယူနိုင်ပြီး အပင်စိုများကို ၆ ရက်ခန့် အခြောက်လှန်းထားရကြောင်း ပေါင်မြို့နယ်မှ တဆင့်ခံအဝယ်ဒိုင် ဒေါ်ခိုင်လွင်ထံမှ သိရသည်။

 

mdn

 

“ဒီအနားတဝိုက်မှာဆိုရင် တစ်ဆင့်ခံအဝယ်ဒိုင် ၅ ဦးလောက်ရှိမယ်။ နောက်ပြီး တောင်ရှေ့ဘက်ခြမ်းတို့လည်း ရှိသေးတယ်။ ကုန်သည်ကြီးတွေက သူတို့တွေ ပါကစ္စတန်နိုင်ငံနဲ့ ယူအေအီးကို ကုန်ကြမ်းအတိုင်း ပို့ဖို့ပြောတယ်။ ဟိုမှာ ကားကူရှင်တွေ၊ ဆိုင်ကယ်ကူရှင်တွေနဲ့ အခြား သူနဲ့ဆပ်စပ်တဲ့ ပစ္စည်းတွေလုပ်ဖို့ ပြောတယ်။ တစ်နှစ်နဲ့ တစ်နှစ်ရဲ့ ဈေးနှုန်းက နိုင်ငံခြား ပို့ကုန်ပိတ်တာနဲ့ ဖွင့်တာနဲ့လည်း ဆိုင်ပါတယ်။ ဖွင့်တဲ့နှစ်ဆို ဈေးပိုရပြီး ပိတ်ရင် ဈေးမကောင်းဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

 

mdn

 

ယခုနှစ်တွင် နတ်မြှားပင် တစ်ပင်လျှင် ၃ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူရကာ  ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပါက တစ်ပင်လျှင် ၅ ကျပ် ဝန်းကျင်ခန့်ရှိပြီး ပေါင်မြို့နယ်မှ ထွက်ရှိသော နတ်မြှားပင်များအပြင် ကရင်ပြည်နယ်၊ တောင်ငူ၊ ရေး၊ မြိတ်၊ ထားဝယ် အစရှိသည့် ဒေသများမှ ထွက်ရှိသော နတ်မြှားပင်များလည်း ဝယ်ယူလျက်ရှိကြောင်း တဆင့်ခံ အဝယ်ဒိုင်များမှ သိရသည်။

 

ကိုဟိန်း(ပေါင်)