ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အာဂျင်တီးနားသမ္မတ တက်ရောက်မည်

ဇန်နဝါရီ ၂၇

 

အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်သည် ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၄ မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့အလည်အပတ်ခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာအိုလီဂျင်းက ယမန်နေ့က ပြောကြားသည်။

 

အာဂျင်တီးနားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွင် ကျင်းပသော ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲကို အခိုင်အမာထောက်ခံကြောင်း ထပ်တလဲလဲဖော်ပြပြီးဖြစ်ရာ သမ္မတ ဖာနန်ဒက်၏တရုတ်နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အပြည့်အဝအောင်မြင်မည်ဟု ယုံကြည်ကြောင်း ဇာအိုကပြောသည်။

 

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့သည် နိုင်ငံအချင်းချင်း မိတ်ဆွေကောင်းများအဖြစ် ယုံကြည်ရပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်ကောင်းများလည်းဖြစ်သည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျရောက်မည်ဖြစ်သည်။

 

ယခုခရီးစဉ်သည် တရုတ်-အာဂျင်တီးနား နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခုဖွင့်လှစ်နိုင်မည်ဟု မိမိအနေဖြင့်ယုံကြည်သည်ဟု ၎င်းကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို