ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာအနောက်ဘက် (၂)မိုင်ခန့်အကွာတွင် ရေနံတွင်းနှင့် ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား

ပေါက် ၂ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာအုပ်စု၊ ကြက်ဆူအိုင့်ကျေးရွာ အနောက်ဘက် (၂)မိုင်ခန့်အကွာတွင် ယနေ့နံနက် ၅ နာရီခွဲခန့်က မြေပိုင်ရှင်ဦးဌေးစံ ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာနေသူ၏ မြေပေါ်၌ ငှားရမ်းလုပ်ကိုင်နေသော ရေနံကျင်းပိုင်ရှင် ဦးသန်းဇော် မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာနေသူသည်  ရေနံခပ်နေစဉ် ရေနံတွင်းသံပိုက်နှင့် ရေနံခပ်ခွက်ကိုင်းတို့ ပွတ်တိုက်ထိခိုက်ရာမှ မီးပွားများလွင့်ထွက်ကာ ရေနံဂက်(စ်)ငွေ့နှင့် ထိတွေ့ပြီး ရေနံကျင်း မီးစတင်လောင်ကျွမ်းခဲ့သည်။ ထိုမှတစ်ဆင့် အနီးအနားရှိ ရေနံစိမ်းသိုလှောင်ကန်သို့ ဆက်လက်မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးချိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၄)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ရေနံစိမ်းပေပါ (၁၀ဝ)လုံးခန့်၊ ဂျင်ဒေါင်းအင်ဂျင်စက်အဟောင်း (၂)လုံး၊ စက်ကလပ်ခုံအဟောင်း (၁)လုံး စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်(၆၄)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရာ အခြား လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရပြီး မီးပေါ့ဆစွာ လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဇော်အား ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ပေါက်မြို့နယ် (ပြန်/ဆက်)

 

mdn