ပေါ့ဂ်ဘာ၏နေရာကို ဂျွန်မက်ဂင်ဖြင့် အစားထိုးရန်စီစဉ်

မန်ယူယာယီနည်းပြ ရန်းနစ်ခ်သည် လာမည့်နွေရာသီအပြောင်းရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာ ဖွယ်ရှိသော ပေါ့ဂ်ဘာ၏နေရာကို အက်စ်တွန်ဗီလာအသင်း ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မန်ယူ အသင်းအနေဖြင့် အဆိုပါ စကော့တန်ကစားသမား ဂျွန်မက်ဂင်ကို ခေါ်ယူမည်ဆိုပါက ပေါင်သန်း ၅၀ ကျော် ကုန်ကျဖွယ်ရှိသည်။ မန်ယူဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့် ဂျွန်မက်ဂင်၏ ခြေစွမ်းကိုကြိုက်နှစ်သက်သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသလို အိုး ထရက်ဖို့ဒ် သို့ ယာယီနည်းပြအဖြစ် ရောက်ရှိလာသည့် ရန်းနစ်ခ်ကလည်း အဆိုပါ ကွင်းလယ်ကစားသမားကို ခေါ်ယူရန် ချဉ်းကပ်လုပ်ဆောင်နေသည့် အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိသည်။  ရန်းနစ်ခ်သည် မန်ယူအသင်းသို့ ပြီးခဲ့သည့် တနင်္လာနေ့တွင် ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခြင်း ခံရသူ ဖြစ်သည်။ ရန်းနှစ်ခ်သည် ရာသီကုန်ဆုံးချိန်တွင်လည်း အိုးထရက်ဖို့ဒ်၌ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျာမန်လူမျိုး နည်းပြသည် ပြိုင်ဘက်ကို ဖိအားပေးသည့် ကစားဟန်ဖြင့် ကျော်ကြားသူဖြစ်ပြီး မန်ယူအသင်းတွင်လည်း အဆိုပါ ကစားဟန်ကို ပုံဖော်ရန် ကြိုးစားနေသူဖြစ်သည်။ မန်ယူအသင်းကို ၎င်းတာဝန်ယူ ကိုင်တွယ်သည့် ပထမဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းတွင် အဆိုပါ ကစားဟန် ကို အသုံးပြုခဲ့ပြီး ဖရက်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရန်းနစ်ခ်သည် ဂျွန်မက်ဂင်ကို ၎င်း၏ ကစားဟန်နှင့် အဖြစ်ယူဆကာ အသင်းသို့ ခေါ်ယူနေခြင်းလည်း ဖြစ်သည်။

အသက် ၂၇ နှစ်ရှိ ဂျွန် မက်ဂင်သည် ၂၀၁၈ ခုနှစ်တွင် ပေါင်နှစ်သန်းဝန်းကျင်ဖြင့် အက်စ်တွန်ဗီလာ အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂၄ ပွဲပါဝင် ကစားထားကာ သွင်းဂိုး ၁၆ ဂိုးနှင့်အတူ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးထားနိုင်သူဖြစ်သည်။

မန်ယူအသင်းသည် လာမည့်ရာသီတွင် ဂျက်ဆီလင်ဂတ်၊ ဗန်ဒီဘိခ်တို့ အပါအဝင် ကွင်းလယ် ကစားသမား အများအပြားဆုံးရှုံးရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် လိုက်ပ်ဇစ် ကွင်းလယ်ကစားသမား ဟိုင်ဒါရာသည် ရန်းနစ်ခ်၏ ပထမဆုံးခေါ်ယူမည့်ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။ ထို့အပြင် ရိုက်စ်နှင့် ဖီးလစ်တို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။

အောင်ဇော်