ပေါ့ဘာကို  မန်ယူမှာ ဆက်နေဖို့ ဖရက်ဒ်တိုက်တွန်း

၁၇  ဇန်နဝါရီ

 

မန်ယူကွင်းလယ်လူ ဖရက်ဒ်က ပေါ့ဘာအနေနဲ့ မန်ယူအသင်းမှာပဲ ဆက်နေပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဖရက်ဒ်က ပေါ့ဘာအနေနဲ့  မန်ယူအသင်းရဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးပြီး မန်ယူအသင်းရဲ့ ခေတ်ကိုပြန်လည်ထူထောင်ရေးအတွက် ပေါ့ဘာကို မန်ယူအသင်းက လိုအပ်တယ်လို့ ဆိုပါတယ်။

 

ဖရက်ဒ်က “ ပေါ့ဘာက  လေ့ကျင့်ရေးကွင်းမှာ အင်မတန်အလုပ်ကြိုးစားတဲ့သူဖြစ်ပြီး အသင်းဖော်တွေကို ကူညီဖို့ အမြဲအဆင်သင့်ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ကတော့ သူအသင်းမှာ ဆက်နေဖို့ မျှော်လင့်ထားပါတယ်” လို့‌ ပြောကြားခဲ့ပါတယ်။

 

ပေါ့ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက  သူ့ကစားသမားဟာ မန်ယူအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး  လာမယ့်နွေဈေးကွက်အတွင်း အသင်းပြောင်းမှာ ဖြစ်ကြောင်း လူသိရှင်ကြားပြောကြား ထားပြီးဖြစ်ပါတယ်။ ပေါ့ဘာနဲ့ မန်ယူအသင်းတို့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ခုနှစ်နွေမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကစားသမားအနေနဲ့ မန်ယူအသင်းကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားပြီးဖြစ်ပါတယ်။

 

မန်ယူအသင်းအရောင်းစာရင်းထဲမှာ ရိုဟို၊  ရိုမဲရိုးနဲ့  လင်းဂတ်တို့ကိုသာ ထည့်ထားပြီး ကျန်ကစားသမားတွေကို ဆက်ထိန်းထားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကိုယ်တိုင်ကတော့  ဘောလုံးဈေးကွက်မှာ အားလုံးက ပရော်ဖက်ရှင်ဘက်ကိုပဲ တွေးပြီးအလုပ်လုပ်တာဖြစ်လို့  ဘာကိုမှ သေချာတပ်အပ် မပြောနိုင်ဘူးလို့ ဆိုထားပါတယ်။ ပေါ့ဘာကို အလိုရှိတဲ့အသင်းတွေကတော့ အသင်းဟောင်း ဂျူဗင်တပ်၊ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်နဲ့   ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီတို့ ဖြစ်ပါတယ်။

 

မေလဲ့သင်း