“ပျော်ရွှင်ဖွယ်ရာသုံးပတ်တာ ဝန်ကြီးများရုံးမှာ” အစီအစဉ်ကျင်းပမည်၊ ပြည်သူများအခမဲ့ လာရောက်လေ့လာနိုင်

ရန်ကုန် ၁၀ စက်တင်ဘာ


    
ပျော်ရွှင်ဖွယ်ရာသုံးပတ်တာ ဝန်ကြီးများရုံးမှာ (Three for free weekends @The Secretariat) အစီအစဉ်ကို မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာခရီးသွားများအတွက် ရည်ရွယ်၍ ယခုလ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဝင်ကြေးအခမဲ့ဖြင့် The Secretariat Yangon က ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


    
စက်တင်ဘာ ၁၄-၁၅ ရက်တွင် "အတိတ်ဟောင်းကို ပြန်လည်လေ့လာခြင်း" အစီအစဉ်အဖြစ် ၂၀ ရာစုခေတ် ရန်ကုန်မြို့မြင်ကွင်းကို ပြန်လည်ကြည့်ရှုနိုင်ရန် ခေတ်ဟောင်းဓာတ်ပုံပြပွဲကို Delta Media မှ ကျင်းပသွားမည်ဖြစ်ပြီး ၁၉၀ဝ ပြည့်နှစ်များဆီမှ မြန်မာ့ရှေးဟောင်း အသုံးအဆောင်များကိုလည်း ပြသထားမည် ဖြစ်သောကြောင့် ထိုခေတ်ရန်ကုန်မြို့၏ သမိုင်းကြောင်းနှင့် လူမှုဘဝနေထိုင်မှုများအား လေ့လာနိုင်မည်ဖြစ်သည်။


    
စက်တင်ဘာ ၂၂-၂၃ ရက်တွင် "ရုံးပိတ်ရက်များတွင် ဝန်ကြီးများရုံး၌ ဈေးဝယ်ထွက်ခြင်း" အစီအစဉ်အဖြစ် မြန်မာ့ရိုးရာကုန်ပစ္စည်းများ၊ အလှကုန်များနှင့် အမျိုးသမီးဝတ် အဝတ်အထည်အမျိုးမျိုး၊ လက်ကိုင်အိတ်များနှင့် လက်မှုပစ္စည်းများကို Singapore - Myanmar InvestcoLtd. (SMI) မှ ရောင်းချပေးသွားမည်ဖြစ်သည်။


    
စက်တင်ဘာ ၂၈-၂၉ ရက်တွင် "မိသားစု၊ မိတ်ဆွေများနှင့် ရုံးပိတ်ရက်ကို ဝန်ကြီးများရုံးတွင် ကုန်ဆုံးခြင်း" အစီအစဉ်အဖြစ် ပျော်ရွှင်ဖွယ်ရာကစားနည်းများ၊ ကလေးငယ်များအတွက် ပုံပြောခြင်းနှင့် အသက် ၁၀ နှစ်အောက် ကလေးများအတွက် ကစားကွင်းအစီအစဉ်၊ ပညာရေးအထောက်အကူပြု ကစားနည်းများအပြင် အမျိုးသမီးများအတွက် ကွင်းပြင်ဈေးရောင်းပွဲတော် အစရှိသည့် အစီအစဉ်များကို ကျင်းပမည်ဖြစ်ပြီး ဈေးရောင်းပွဲမှရရှိသည့် အမြတ်အချို့အား ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသွားမည်ဖြစ်သည်။


    
The Secretariat Yangon ၏ Commercial Director, Mr. Steven Stubblefield က "ဝန်ကြီးများရုံးဟာ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အခုအစီအစဉ်က မြန်မာနိုင်ငံက အတိတ်ကမျိုးဆက်တွေနဲ့ လက်ရှိ မျိုးဆက်တွေအကြား ကွာဟမှုတွေကို တံတားခင်းပေးနိုင်ဖို့ ရည်ရွယ်ထားပြီး ဝန်ကြီးများရုံးရဲ့ သမိုင်းသစ်ကို လက်တွဲဖော်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်"ဟု ပြောသည်။


    
ထို့ပြင် လာရောက်လေ့လာသူများ၏ အတွေ့အကြုံများအား လူမှုကွန်ရက်တွင် ပြန်လည်မျှဝေနိုင်စေရန် selfie-contest တစ်ခုကိုလည်း ကျင်းပသွားဖြစ်ကာ ပါဝင်သူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ- မွန်းဦးနဒီ