ပြောင်းလဲလာတဲ့ အွန်လိုင်းမီဒီယာရေစီးကြောင်းထဲက Myanmar Digital News

၂၃ စက်တင်ဘာ

ပြောင်းလဲလာတဲ့ မီဒီယာရေစီးကြောင်းအသစ်မှာ အွန်လိုင်းသတင်းဌာနတွေ အများကြီးပေါ်ထွက်လာ ခဲ့တာကို အားလုံးသိကြပြီးဖြစ်မှာပါ။ အဲဒီအထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံပိုင်မီဒီယာတွေဟာ လည်း ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲပြင်ဆင် ရှေ့ဆက်နေကြပြီဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ မီဒီယာ ပလက်ဖောင်းအသစ်တစ်ခုဖြစ်တဲ့ Myanmar Digital News နဲ့ စတင်မိတ်ဆက်ပေးချင်ပါတယ်။

Myanmar Digital News ဝက်ဘ်ဆိုက်ဆိုတာ

Myanmar Digital News ဟာ သတင်းစာတွေပါ ဖတ်ရှုနိုင်မယ့် အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ကနေတစ်ဆင့် သတင်းတွေဖတ်နိုင်သလို ဗဟုသုတတွေလည်း များစွာရှာမှီးနိုင်တဲ့ မီဒီယာအခင်းအကျင်းတစ်ခုပဲ ဖြစ်ပါတယ်။ Myanmar Digital News ရဲ့ ဝက်ဘ်ဆိုက်လိပ်စာက www.mdn.gov.mm လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာတော့ Myanmar Digital News မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ၂၃ မဂ္ဂါဘိုက်သာရှိတဲ့ Myanmar Digital News ရဲ့ အက်ပလီကေးရှင်းကို ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတို့မှာ အွန်လိုင်းသတင်းစာ တစ်စောင်အဖြစ်နဲ့လည်း ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ အသွင်အပြင်

နောက်ဆုံးရရှိတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းထူး၊ သတင်းဦးတွေကို ဝက်ဘ်ဆိုက်ရဲ့ ထိပ်ဆုံးမှာ အရင်ဆုံး မြင်တွေ့ရမှာပါ။ လှုပ်ရှားသက်ဝင်နေတဲ့ ရုပ်သံသတင်းတွေ၊ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြထားတဲ့တစ်နေ့ တာအတွက် နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်ချက်တွေ၊ တစ်နိုင်ငံလုံးက သတင်းအချက်အလက်တွေကိုလည်း ဝက်ဘ် ဆိုက်ရဲ့ မူလစာမျက်နှာမှာ လွှင့်တင်ထားရှိပါတယ်။

မိုးလေဝသသတင်း၊ ကျန်းမာရေးသတင်း၊ စတော့ အိတ်ချိန်းဈေးကွက် အပြောင်းအလဲတွေနဲ့ ရွှေ၊ ငွေ၊ စက်သုံး ဆီဈေးကွက်၊ အိမ်ရှင်မတွေအတွက် အခြေခံစားကုန် ဈေးကွက်စတာတို့ကိုလည်း အချိန်နဲ့တစ်ပြေးညီ အလွယ် တကူကြည့်ရှုနိုင်ဖို့ စီစဉ်ထားတဲ့အတွက် နေ့စဉ်ပြောင်းလဲ နေတဲ့ စီးပွားရေးအခြေအနေကို တစ်နေရာတည်းမှာ လေ့လာစေ့ငုနိုင်မှာဖြစ်ပါတယ်။ သတင်းတွေကို သက်ဆိုင် ရာ သတင်းကဏ္ဍအလိုက် ခွဲခြားထားတာကြောင့်လည်း ကိုယ်ဖတ်ရှုလိုတဲ့ အကြောင်းအရာကို လွယ်လင့်တကူ ဖတ်ရှုနိုင်မှာပါ။

သတင်းအဖြာဖြာစုံလင်စွာတင်ဆက်

အနယ်နယ်အရပ်ရပ်က သတင်းတွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရုပ်သံသတင်းတွေနဲ့ အနုပညာသတင်းတွေ၊ အားကစားသတင်းတွေကို ကဏ္ဍအလိုက် ခွဲခြားပြီး ဖတ်ရှုနိုင်အောင် Myanmar Digital News မှာ စီစဉ်ထားပါတယ်။ တိုင်းရင်းသားရေးရာကဏ္ဍမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေနဲ့ အလှတရားတွေကို ဓာတ်ပုံဝေဝေဆာဆာနဲ့ ဖတ်ရှုနိုင်သလို ရုပ်သံတွေ့ဆုံ မေးမြန်းမှုအချို့ကြောင့်လည်း ဒေသခံ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရရှိသည့်အလား ဆွဲဆောင်မှု ပေးနိုင်ပါလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာပုံပြင်တွေကို လည်း ဒီကဏ္ဍလေးမှာ ဝင်ရောက်ဖတ်ရှုနိုင်တာကလည်း ဘဝင်ကျစရာပါပဲ။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ မိန့်ခွန်းတွေကို တစ်နေရာတည်းမှာပဲ ဖတ်ရှုနိုင်ဖို့ မိန့်ခွန်းများဆိုတဲ့ကဏ္ဍက ကူညီပေးနိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အခမ်းအနားကြီးတွေမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ပြောကြားထားတဲ့မိန့်ခွန်းတွေ အားလုံးကို တစ်နေရာတည်း စုစည်းပေးထားတာကြောင့် သမိုင်းလေ့လာသူတွေ၊ နိုင်ငံရေး အခြေအနေသုံးသပ်သူတွေနဲ့ အကိုးအကားရှာဖွေ လိုသူတွေအတွက်တော့ အတော်လေးအသုံးဝင်စေမှာပါ။

တိုက်ရိုက်တင်ဆက်မှုမှသည်

နိုင်ငံတော်အခမ်းအနားတွေရဲ့ မြင်ကွင်းတွေကို နေရာဒေသမရွေး အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်ဖို့အတွက် တိုက်ရိုက်တင်ဆက်ပေးနေတဲ့ အစီအစဉ်တွေကိုလည်း Myanmar Digital News ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်မှာ မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကဏ္ဍအသီးသီးရဲ့ ဖြစ်ပေါ် ပြောင်းလဲမှုဖြစ်စဉ်တွေကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေ စုစည်းပြောကြားကြတဲ့ စကားဝိုင်းတွေ့ဆုံဆွေးနွေး မှုတွေဟာလည်း သုတရသ များစွာခံစားရရှိစေပါတယ်။ ဆွေးနွေးကြတဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ လူငယ်တွေရဲ့ ပြောစကားတွေဟာ မှတ်သားစရာ၊ ငြင်းခုံအဖြေ ရှာစရာ၊ အသိပညာတိုးပွားစရာ ကျန်ရစ်စေမယ်ဆိုတာ အသေအချာပါပဲ။

နေ့စဉ်တင်ဆက်နေတဲ့သတင်းတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့ သတင်းထောက်တွေ၊ အနယ်နယ်အရပ်ရပ်က မြို့နယ်သတင်းထောက်တွေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအောက်မှာရှိတဲ့ မြို့နယ်အသီးသီး ကသတင်းထောက်တွေနဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေထဲကမှ ကောင်းနိုးရာရာ သတင်းတွေ အားလုံးကို Myanmar Digital News အွန်လိုင်းစာမျက်နှာတွေမှာ အချိန်မဆိုင်း ဝင်ရောက်ဖတ်ရှုနိုင်တာပဲဖြစ်ပါတယ်။

ဖုန်းအက်ပလီကေးရှင်းသတင်းစာဖတ်စေချင်

Google Play store & App Store ကနေ လွယ်လွယ်ကူကူဒေါင်းလုတ်ရယူနိုင်တဲ့ Myanmar Digital News Application က သုံးစွဲသူတွေအတွက် အကျိုးရှိစေမယ့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အပိုင်းအားဖြင့် သတင်း၊ ဗီဒီယိုသတင်းတွေ၊ တိုက်ရိုက်တင်ဆက် ထုတ်လွှင့်မှုတွေနဲ့ နိုင်ငံပိုင်သတင်းစာဆိုပြီး အကြမ်းဖျင်းခွဲခြားဖတ်ရှုနိုင်ပါတယ်။ မြန်မာ့အလင်း၊ ကြေးမုံနဲ့ ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာသုံးစောင်ကိုတော့ အက်ပလီကေးရှင်းကို ဖွင့်လိုက်တာနဲ့ အရင်ဆုံး မြင်ရမှာဖြစ်ပြီး ဒေါင်းလုတ်သိမ်းချင်တာ၊ ဖတ်ရှုချင်တာဆိုရင် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

အက်ပလီကေးရှင်းရဲ့ အထူးခြားဆုံးနဲ့ အားအသာဆုံး အချက်ကတော့ တစ်နှစ်အတွင်းက ထုတ်ဝေဖြန့်ချိခဲ့တဲ့ နိုင်ငံပိုင်သတင်းစာ သုံးစောင်စလုံးကို ပြန်လည်ဖတ်ရှု လိုတဲ့ရက်စွဲအလိုက် ရွေးချယ်ပြီး အလွယ်ကူဆုံး ဖတ်ရှုနိုင် ဘာပဲ ဖြစ်ပါတယ်။ ။

သတင်းစာတွေရဲ့ အောက်မှာတော့ တစ်နေ့တာ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဦး၊ သတင်းထူးတွေ၊ ထုတ်ပြန်ချက်တွေနဲ့ သတိပေးချက်တွေကို ဖော်ပြထားပါတယ်။ ၂၄နာရီ သတင်းထူးတွေကို အချိန်မဆိုင်း တင်ဆက် နိုင်ဖို့အတွက် Myanmar Digital News အဖွဲ့သားတွေက နေ့/ညတာဝန်တွေခွဲဝေကာ သတင်းတင်ဆက်ပေးနေ တာကို မြင်တွေ့ရပါတယ်။

သတင်းထူးတွေဘယ်လိုဖတ်

ရွေးကောက်ပွဲနီးကပ်လာမှုသတိပေးချက်၊ မဲစာရင်း စစ်ဆေးဖို့ အသိပညာပေးနဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ နောက် ဆုံးအခြေအနေတွေအပါအဝင် သိကောင်းစရာသတင်းဦး၊ သတင်းထူးတွေကိုတော့ Breaking News အနေနဲ့ တင်ဆက်ပေးနေတာကို မြင်တွေ့ရပါတယ်။ အဲဒီမှာ နေ့စဉ်နဲ့အမျှ ထူးခြားတဲ့သတင်းအချက်အလက်တွေကို ရယူနိုင်ပါတယ်။

အက်ပလီကေးရှင်းရဲ့ မူလစာမျက်နှာအောက်ဆုံးမှာတော့ စာဖတ်သူ ကြီးငယ်မရွေး အားပေးနှစ်ခြိုက်တဲ့ Flip Board ကဏ္ဍကို ကြည့်ရှုနိုင်ပါတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအနုသုခုမတွေ၊ အညာဓလေ့ဟန်တွေနဲ့ ရှေးဟောင်းလက်ရာတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့ အခမ်းအနားတွေ၊ ရိုးရာအစားအစာနဲ့ ခရီးသွားလာမှုအတွက် လေ့လာစရာတွေကို စုံစုံလင်လင်တင်ဆက်ထားတာ တွေ့ရပါတယ်။

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရှုနိုင်

သတင်းတွေကို နေ့စဉ်ဘာသာပြန်ဆိုဖော်ပြပေးနေ တဲ့ကဏ္ဍကတော့ News in English ကဏ္ဍပဲဖြစ်ပြီး အင်္ဂလိပ်စာလေ့လာသူတွေနဲ့ ဂလိုဘယ်နယူးလိုက်အော့ဖ် မြန်မာသတင်းစာကို လက်လှမ်းမမီသူ စာဖတ်ပရိသတ် အတွက် ရည်ရွယ်ထားပုံ ရပါတယ်။

ပြည်တွင်း၊ ပြည်ပအနုပညာရှင်တွေရဲ့ သတင်းစကား တွေကိုတော့ ရုပ်ရှင်အနုပညာရပ်ဝန်းကဏ္ဍကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ရုပ်သံသတင်းတွေအပြင် အနုပညာရှင်တွေရဲ့ လတ်တလောအခြေအနေတွေကိုလည်း သိရှိနိုင်ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍအကြောင်း တစေ့တစောင်း

သက်တမ်း နှစ်နှစ်ကျော်သာရှိသေးပေမယ့် ဗဟုသုတ ရှာမှီးရာ၊ သတင်းအချက်အလက်တွေရယူရာ Myanmar Digital News Application မှာ နိုင်ငံရေးကဏ္ဍ၊ လွှတ်တော်ကဏ္ဍတို့နဲ့ ပတ်သက်ရင် အတော်လေး ပြည့်ပြည့်စုံစုံ တင်ဆက်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။ ဥပမာပြောရရင် ရွေးကောက်ပွဲကျင်းပရန်အတွက် Count Down လိုဂိုက ပရိသတ်အတွက် အသိပညာပေးရာ ရောက်သလို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအတွက် အခွင့်အရေးတွေ၊ ပညာ ပေးအစီအစဉ်တွေအားလုံးကိုလည်း တစိုက်မတ်မတ် တင်ဆက်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် လွှတ်တော် အသီးသီးမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှု၊ ရလဒ်တွေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်တွေ၊ နိုင်ငံခြားရေးဆက်ဆံမှုတွေအားလုံးကို တစ်နေရာ တည်းမှာ စုစည်းဖတ်ရှုနိုင်ဖို့ ရည်ရွယ်တင်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ အတွေးအမြင်တွေနဲ့ လွတ်လပ်တဲ့သဘောထားတွေ နိုင်ငံပိုင်အွန်လိုင်းသတင်းစာဖြစ်ပေမယ့် ကဏ္ဍအသီးသီးက ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားတွေ ၊အတွေးအမြင်တွေကို ပွင့်လင်းစွာ ဖော်ထုတ်ပေးနေတာ ကတော့ အတွေးအမြင်ကဏ္ဍပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အလင်း၊ ကြေးမုံနဲ့ ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာတွေရဲ့ ခေါင်းကြီးလို့ခေါ်တဲ့ အယ်ဒီတာ့အာဘော် ကဏ္ဍကိုလည်း အွန်လိုင်းသတင်းစာမှာ သီးသန့်ဖတ်ရှု နိုင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံအတွက် ကျင့်သုံးရမယ့် ထွက်ရှိသမျှသော ဥပဒေများ၊ နည်းဥပဒေများနဲ့ အမိန့်၊ ညွှန်ကြားချက်များ၊ ကြေညာချက်များကို ဖော်ပြပေးထားတဲ့အတွက် အချိန်မရွေး အလွယ်တကူ ရှာဖွေနိုင်တာကလည်း အက်ပလီ ကေးရှင်းရဲ့ထူးခြားချက်တစ်ချက်လို့ပြောရမှာ ဖြစ်ပါတယ်။

ယခင်က ပုံနှိပ်မီဒီယာတွေနဲ့ တီဗွီရုပ်သံသတင်းတွေ၊ ရေဒီယိုသတင်းတွေကို အားပေးကြသူပရိသတ်ရဲ့ သတင်း မီဒီယာသုံးစွဲမှုက အွန်လိုင်းအခြေပြုသတင်းမီဒီယာ ပလက်ဖောင်းတွေဆီကို ပြောင်းလဲလာနေကြပါပြီ။ နိုင်ငံပိုင် မီဒီယာတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒနဲ့အညီ အစိုးရနှင့် ပြည်သူအကြားပေါင်းကူးပေးနေတဲ့ မီဒီယာ တွေဖြစ်တဲ့နည်းတူ ပြောင်းလဲမှုကိုလည်း အမီလိုက်ပါနိုင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ Myanmar Digital News ဟာ အွန်လိုင်းပေါ်ကနေ နိုင်ငံပိုင်ပုံနှိပ်သတင်းစာ တွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ ဂလိုဘယ်နယူးလိုက်အောမြန်မာတို့ကို ကိုယ်စားပြု တင်ဆက်လျက်ရှိတာကြောင့် အွန်လိုင်းပေါ်က နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Myanmar Digital News ကို အားပေးဖတ်ရှုနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ ။

ခင်ရတနာ