ပဲခူးတိုင်းဒေသကြီး အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး   ဇန်နဝါရီ   ၂၁

 

အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည် ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီး ပြေးခုန်ပစ် အသင်းမှ တံခွန်စိုက်ဆုဖလားများ ရရှိထားပြီး ဆက်လက်၍လည်း တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ရန်  တစ်ဦးချင်းဆုနှင့် အသင်းလိုက် ဆုဖလားများရရှိအောင်  အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားကြစေလို ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာ ကြရန် မှာကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်က အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံ ပေးအပ်ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုနှင့် သွားရောက် ယှဉ်ပြိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ပြေးခုန်ပစ်အားကစားသမား ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။                                                           

သတင်းစဉ်