ပဲခူးမြို့ရှိ စက်ရုံ(၂၂)ရုံမှ အလုပ်သမား(၈၈၅၉) ဦးအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေး

ပဲခူး ၁၅ ဇူလိုင်

 

လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်ထားသည့် စက်ရုံများ အနက်မှ ပဉ္စမအကြိမ်အဖြစ် စက်ရုံ(၂၂)ရုံအား ခွင့်ပြု ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဥဿာမြို့သစ်(၆)ရပ်ကွက်  သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင်  ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦးမှ အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်က လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက စက်ရုံ၊ အလုပ်ရုံများ အား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းရေးအဖွဲ့မှ စစ်ဆေးသည့်ကာလအတွင်း ယာယီပိတ်သိမ်းထားသည့် ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ(၂၂)ရုံမှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ရရှိသူ များ၊ ကိုယ်ဝန်ဆောင်မမာကျန်းမှု ဆေးလက်မှတ်ခွင့် အကျိုးခံစားမှု ၆၀   ရာခိုင်နှုန်းရရှိသူများ၊ လုပ်ငန်းခွင် ထိခိုက်မှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ၂၅ ရာခိုင်နှုန်း ရရှိသူ စုစုပေါင်းအာမခံအလုပ်သမား (၈၈၅၉)ဦးတို့အတွက် ထောက်ပံ့ငွေ(၁၉၈၀၁၂၀၀၆.၀၃)ကျပ်အား သက်ဆိုင်ရာစက်ရုံများမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပဲခူးမြို့နယ်အတွင်း လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစား ခွင့်(၄၀ရာခိုင်နှုန်း)ထုတ်ပေရန် လျှောက်ထားသည့် စက်ရုံအလုပ်ရုံ(၆၇)ရုံရှိပြီး ပထမအကြိမ်တွင် (၅)ရုံ၊ ဒုတိယအကြိမ်တွင်(၂)ရုံ၊ တတိယအကြိမ်တွင်(၂၂)၊ စတုတ္ထအကြိမ်တွင်(၁၃)ရုံ၊ ယခုပဉ္စမအကြိမ်တွင်(၂၂)ရုံ စုစုပေါင်းစက်ရုံ၊ အလုပ်ရုံ(၆၄)ရုံ ထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်‌ရွှေနှင့် ဦးကျော်မင်းစံ၊  လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ကေသီခိုင်၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်မင်း၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်ကေသွယ်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်၊ ပဲခူးမြို့နယ်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)