ပဲခူးမြို့ရှိ စက်ရုံ၊ အလုပ်ရုံများအား ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

ပဲခူး ၇ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးသည် ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ရှိ စက်ရုံ၊ အလုပ်ရုံများအား ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးသည် ပဲခူးစက်မှုဇုန်နယ်မြေရှိ (KM) HealthCare Myanmar Co.Ltd (ကျန်းမာရေးသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံ)၊ (CIC)Cobes Industries Co.,Ltd (ကျန်းမာရေးသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံ)၊ BAGO Sports Gloves Co.,Ltd (အားကစာလက်အိတ် ထုတ်လုပ်သည့်စက်ရုံ) များသို့ သွားရောက်ပြီး စက်ရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ သက်ဆိုင်ရာစက်ရုံများမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ရှောင်တခင် သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် ဝန်ကြီးနှင့်အတူ တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ခင်မာသက်၊  တိုင်းဒေသကြီး အလုပ်သမားဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဇင်ကေသွယ်၊ တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တိုင်းဦးစီးမှူး ဒေါ်ကေသီခိုင်၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်‌‌ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ဥမ္မာလင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (တိုးချဲ့ကာကွယ်ဆေး/ ကူးစက်/ သဘာဝဘေး) အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းသူရမြင့်တို့ လိုက်ပါကြကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)