ပဲခူးမြို့မှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး  ၂၁  ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပဲခူးမြို့အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ဖောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုဖောက်လုပ်ရန်လျာထားသည့် အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းစီမံကိန်းသည် အနာဂတ်မြို့ပြအတွက် အသုံးဝင်လာမည်ဖြစ်ပြီး ပဲခူးမြို့အား အလယ်မှာထားကာ  ပြည်ထောင်စုလမ်းမကြီးများနှင့် ချိတ်ဆက်ရန် လမ်းကွန်ရက်များကို နှစ်အလိုက် ဘတ်ဂျက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခုအတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိမှသာ နေပျော်ဖွယ်မြို့ပြတစ်ခု ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ယခုလျာထားသည့်လမ်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် ကော်မတီဝင်များမှ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက ပဲခူးမြို့အနောက်ဘက်မြို့ရှောင်လမ်း မိုင်(၅/၇-၆/ဝ) အတွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်(၃၂-၆/၃၂-၇)ကြားရှိ လသာကုန်း Under Pass အထိ ဖောက်လုပ်မည့် လမ်းစီမံချက်အသေးစိတ်နှင့် လမ်းအူကြောင်း ရှာဖွေထားရှိမှုတို့အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ယင်းနောက် လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းစဉ် အသေးစိတ်အား ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီ အသီးသီးသို့ ရှင်းလင်းတင်ပြသွားရန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး ဘတ်ဂျက်ရေးဆွဲဆောင်ရွက်သွားရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့် လမ်းမိုင်အရှည်သည် (၈)မိုင်ခန့်ဖြစ်ပြီး၊ ခန့်မှန်းကုန်ကျစရိတ် (၇)ဘီလီယံကျော်ဖြင့် (၂)နှစ်အတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)