ပဲခူးအခြေစိုက် ပြည်ပစက်မှုဇုန်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

ပဲခူး  ၂၄  စက်တင်ဘာ

 

ပဲခူးအခြေစိုက်၊ ပြည်ပစက်မှုဇုန်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော Karisma Apparel(Myanmar) Co., Ltd နှင့် KM Healthcare Myanmar Co., Ltd တို့မှ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမတွင်  လာရောက်ထောက်ပံ့လှူဒါန်းသည်။

 

mdn

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့နှင့် ထိစပ်လျက်ရှိပြီး နေ့စဉ်နေရပ်ပြန်များလည်း ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကူးစက်မှုမြင့်တက် လျက်ရှိပြီး ပဲခူးတိုင်း ဒေသကြီးအတွင်းသို့လည်း ကူးစက်မှုများ ခံရလျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ Covid-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ပြင်ပပုဂ္ဂိုလ်များမှ လာရောက်ထောက်ပံ့လှူဒါန်းမှုများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် ယခုလို လာရောက်ထောက်ပံ့လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် Karisma Apparel (Myanmar) Co., Ltd မှ နေရပ်ပြန်ပြည်သူများနှင့် လိုအပ်သော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ငွေကျပ်သိန်း(၅၀)နှင့် KM Healthcare Myanmar Co., Ltd မှ PPE ဝတ်စုံ(၅၀ဝ)စုံနှင့် Face Shield (၅၀ဝ)ခုတို့အား ထောက်ပံ့လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)