ဩစတြေးလျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ၃ ဩဂုတ်

ဩစတြေးလျနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ စုစုပေါင်း(၁၄၁)ဦး တို့အား မြန်မာသံရုံး၊ ကင်ဘာရာမြို့နှင့် ပူးပေါင်းညှိနှိုင်းလျက် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီခွဲအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၉၃၃၆)ဦးအား ကယ်ဆယ်ရေး/ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

#နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ-ဇော်ကြီး(သတင်းစဉ်)