နယူးဇီလန်၌ မီးတောင်ပေါက်ကွဲမှုကြောင့် လူသေအလောင်း ခြောက်လောင်း တွေ့ရှိပြီးနောက် နောက်ထပ်အလောင်းများကို ကျွန်းဖြူတစ်ဝိုက်ရှာဖွေနေ

ဝယ်လင်တန် ၁၃ ဒီဇင်ဘာ

နယူးဇီလန်နိုင်ငံ ကျွန်းဖြူကျွန်းပေါ်ရှိ မီးတောင်အနီးတွင် ပျောက်ဆုံးနေသည့် အလောင်းနှစ်လောင်းကို ဆက်လက် ရှာဖွေနိုင်ရေး နယူးဇီလန်ရဲများက ကျွန်းတစ်ဝိုက်တွင် ရေငုပ်သမားများကို ဖြန့်ကြက်ချထားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် အလောင်းခြောက်လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးတောင် တနင်္လာနေ့က ပေါက်ကွဲခဲ့စဉ် ကျွန်းပေါ်တွင် လူ ၄၇ ဦး ရှိနေခဲ့သည်။ ထို့နောက် လူ ရှစ်ဦး ပျောက် ဆုံးနေခဲ့ပြီး ပျောက်ဆုံးနေသူများမှာ သေဆုံးသွားပြီဟု ယူဆရသည်။

နောက်ထပ် လူ ရှစ်ဦးသေဆုံးသွားပြီဟု အတည်ပြုနိုင်ခဲ့ပြီး လူ ၂၀ ခန့်မှာ ဆိုးရွားစွာ မီးလောင်ခံထားရ၍ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။ မီးတောင်ပေါက်ပွဲမှု နောက်ထပ်ဖြစ်လာနိုင်သော်လည်း အန္တရာယ်ကြားမှပင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများကို ဒီဇင်ဘာ ၁၃ ရက်တွင် လုပ်ဆောင်ခဲ့သည်။ ပျောက်ဆုံးနေသည့် အလောင်းနှစ်လောင်း ရှာဖွေမှုကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်သွားမည် ဟု နယူးဇီလန်ရဲများက ပြောသည်။

အလောင်းရှာဖွေရေးလုပ်ငန်များ နှောင့်နှေးရခြင်းမှာ ကယ်ဆယ်ရေးသမားများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက်ကြောင့်လည်း ဖြစ်သည်။ နယူးဇီလန် ကာကွယ်ရေးတပ်မှ အထူးတပ်ဖွဲ့ ဝင်ရှစ်ဦးသည် ရဟတ်ယာဉ်ဖြင့် အဆိုပါကျွန်းပေါ်သို့ သွားရောက်ခဲ့ပြီး အလောင်း ရှာဖွေရေးလုပ်ငန်းများကို နာရီပေါင်းများစွာကြာအောင် လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ရေတပ်မှ ကင်းလှည့်ယာဉ်များကို အသုံးပြု၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့သည့် အလောင်းများကို ကုန်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အကယ်၍ မီးတောင် နောက်တစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါက ရှာဖွေရေးအဖွဲ့သားများအတွက် ကျောက်ရည်ပူများစဉ်ခြင်း၊ ပြင်းထန်သည့် အပူလှိုင်းဒဏ်ခံရခြင်း၊နှင့် ကျောက်တုံးများ လွင့်စဉ်လာနိုင်ခြင်း အစရှိသည့် အန္တရာယ်များနှင့် ကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်း မီးတောင် ပညာရှင်များက သတိပေးခဲ့သည်။

ဘီဘီစီ