နုနုရည်(အင်းဝ)၏ "ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း” စာပေဟောပြောပွဲမှ အကြောင်းအရာနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းချက်များ

ကျွန်မကတော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အဲဒီဝတ္ထု အကြောင်းအရာထဲက နေရာက လူတွေနဲ့ တွေ့တယ်။   စကားပြောမယ်၊ ပြီးရင် တစ်နေရာမှာ ဒီဝတ္ထုလေးကို ရေးပါတယ်။  

စာရေးဆရာမ နုနုရည်(အင်းဝ)


ရန်ကုန်  ၂၃  ဖေဖော်ဝါရီ

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်းဝ)၏ "ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း" စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့  နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။

စာပေဟောပြောပွဲတွင် "ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း" အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်းဝ)၊ ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများနှင့်  တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

စာရေးဆရာမ နုနုရည်(အင်းဝ)


ကျွန်မ ဝတ္ထုရေးရင် ကိုယ့်ယုံကြည်ရာလေးက ဒီနေ့ခေတ်နဲ့ ထင်ဟပ်နေရမယ်။ ဒီနေ့ခေတ်ကို ထင်ဟပ်တဲ့ အကြောင်းအရာလေးတွေထဲက ကျွန်မ ရင်ထဲကို ကျဉ်ကနဲ ဖြစ်စေမယ့်၊ ကျွန်မစိတ်ကို ထိခိုက်စေမယ့် အကြောင်းအရာမျိုးကို ထပ်ပြီးရွေးချယ်ပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့နေရာကို သွားတယ်။ အဲဒီနေရာက ဇာတ်ကောင်စရိုက်တွေကို လေ့လာတယ်။ အင်တာဗျူးတယ်။  


ဖြစ်နိုင်လို့ရှိရင် အချိန်အများကြီးယူပြီး အဲဒီဇာတ်ကောင်တွေနဲ့ အတူနေ၊ အတူစား၊ အတူသွားပြီး အတွေ့အကြုံတွေကို ဒါတွေကို ယူနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်မကတော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အဲဒီဝတ္ထုအကြောင်းအရာထဲက နေရာက လူတွေနဲ့ တွေ့တယ်။   စကားပြောမယ်၊ ပြီးရင် တစ်နေရာမှာ ဒီဝတ္ထုလေးကို ရေးပါတယ်။ ဝတ္ထုတိုမှာ  တိုပေမယ့် သူ့မှာ message ပေးတယ်၊ ဇာတ်လမ်း ဇာတ်အိမ်က ဝတ္ထုရှည်က များတယ်၊ ဝတ္ထုရှည်မှာလည်း message ပါပါတယ်။ ဝတ္ထုရှည်က ဝတ္ထုတိုထက် ဇာတ်ကောင်စရိုက်တွေ ပိုများမယ်။ အကြောင်းအရာက အတူတူဖြစ်ရင်တောင်မှ ဇာတ်ကောင်စရိုက်တွေ ပိုများမယ်။ နောက်ပြီး ဝတ္ထုတိုနဲ့ ဝတ္ထုရှည်မှာ မတူညီတဲ့အချက်က ဝတ္ထုတိုက ဖတ်လိုက်တာနဲ့ သူဆိုလိုချက်ကို ဖြတ်ကနဲ စာဖတ်ပရိသတ်က သိနိုင်တယ်။ ဝတ္ထုရှည်ကတော့ တစ်အုပ်လုံး တစိမ့်စိမ့်ဖတ်ပြီးမှ ဆိုလိုချက်လေးကို သိရ တယ်။ အဲဒါလေးတော့ ကွာမယ်။


ဒီဟောပြောပွဲကနေ လာနားထောင်တဲ့ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ တစ်ခုခုတော့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ မန္တလေးတက္ကသိုလ်မှာ တက်ခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ် ကျောင်းသူလည်းဖြစ်ခဲ့ဖူးတယ်။ Library Science ကို ဒီရန်ကုန် တက္ကသိုလ်မှာ တက်ခဲ့ဖူးတယ်။ ဒီတက္ကသိုလ်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အထဲမှာ ဆရာဇော်ဂျီ အဓိပ္ပါယ်ဖွင့်ဆိုထားတာကို သဘောကျပါတယ်။ တက္ကသိုလ်ဆိုတာ ဘာသာရပ်ဆိုင်ရာ၊  ပညာရပ်ဆိုင်ရာတွေကိုသာ သင်ကြားပေးတဲ့နေရာ မဟုတ်ဘူး။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကိုယ်ကျင့်သိက္ခာနဲ့ ရင့်ကျက်ခြင်းကိုပါ သင်ကြားပေးတဲ့နေရာလို့ ဖွင့်ဆိုချက်အတိုင်း တက္ကသိုလ်ကြီး ရာပြည့်မှာ ကျောင်းသား ကျောင်းသူတွေ အဲဒီလိုမျိုး လိုက်နာကျင့်သုံးပြီးတော့ ဆရာဇော်ဂျီဖြစ်စေချင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ရင့်ကျက်မှုနဲ့ ပြည့်စုံတဲ့ ကျောင်းသား ကျောင်းသူတွေကို ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ရင့်ကျက်ဖို့အတွက် စာတွေ အများကြီးဖတ်ပါ။ ဖတ်ပြီးတော့လည်း စာရေးစေချင်ပါတယ်။ စာရေးချင်တဲ့ လူငယ်တွေအတွက် သူတို့ရဲ့ နေရာလေးတစ်ခု ပျောက်သွားမှာ စိုးပါတယ်။ ရှိတဲ့ မဂ္ဂဇင်းတွေကနေ ဆက်ပြီး ရေးစေချင်ပါတယ်။ အဓိကကတော့ စာအများကြီး ဖတ်ပြီး စာရေးကြဖို့ပါပဲ။

 
ပါမောက္ခဒေါက်တာအောင်မြင့်ဦး
ပါမောက္ခ၊ ဌာနမှူး
မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

 

‌ေ

 


ဒီနေ့ စာပေဟောပြောပွဲက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနအနေနဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ စာပေလှုပ်ရှားမှု တစ်ခုအနေနဲ့ လှုပ်ရှားတာပါ။ ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလအနေနဲ့ အဓိကက တက္ကသိုလ်မှာ ပညာရပ်ဝန်းကျင်ပိုပြီး အဓိပ္ပါယ် လေးနက်စေဖို့အတွက်၊ မြန်မာစာဌာနအနေနဲ့ စာပေကို သင်ကြားတဲ့ဌာနဖြစ်တော့ စာပေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကလေးတွေအတွက် အသိအမြင်တွေ ပိုပြီး ပွင့်လင်းလာဖို့ဖြစ်ပါတယ်။ အဓိက ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့ အနှစ်သာရ ပိုမိုပြည့်ဝလာဖို့၊ တက္ကသိုလ်ရဲ့ ပညာရပ်ဝန်း ပိုမို လေးနက်လာစေဖို့ ဒီလိုပွဲမျိုးတွေ ကျင်းပနေတာဖြစ်ပါတယ်။ ဒီမှာတင်မကပါဘူး။   ဝိဇ္ဇာခန်းမမှာ အဆောင်အလိုက် စာပေဟောပြောပွဲတွေ၊ စာပေလှုပ်ရှားမှုတွေ ကျင်းပနေပါတယ်။ ဒီနေ့ဆိုရင် ရာပြည့်အထိမ်းအမှတ် ရသစာပေ စာတမ်းပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကိုလည်း တက္ကသိုလ် အသီးသီးမှာကျင်းပပေးနေပါတယ်။ ဒီ ဟောပြောပွဲက ရန်ကုန်တက္ကသိုလ်ကိုကြိုဆိုတဲ့ ပွဲလည်းဖြစ်ပါတယ်။ မြန်မာစာဌာနအနေနဲ့ မြန်မာစာပေရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်မား စေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
 

ခရစ္စတိုဖာ
ပြင်သစ် ဒီပလိုမာတန်း ဒုတိယနှစ်
နိုင်ငံခြားဘာသာတက္ကသိုလ်

 

‌ေ

 


ဒီစာပေဟောပြောပွဲကိုသူငယ်ချင်းတစ်ယောက်က မက်ဆင်ဂျာကနေတဆင့် မျှဝေပေးလို့ သိရပါတယ်။ ကျွန်တော်က ဒီလိုစာပေဟောပြောပွဲတွေကို စိတ်ဝင်စားပါတယ်။ ဆရာမကြီး စာအရေးအသားကို  ကျွန်တော်အလွန်ကြိုက်ပါတယ်။ သူ့စာအုပ်တွေကိုလည်း စုဆောင်းနေတယ်။ အဓိကကတော့ စာရေးနေတဲ့သူတွေအတွက် ကိုယ့်ရဲ့ စီနီယာစာရေးဆရာမကြီးတွေ ရေးသားပုံရေးသားနည်းတွေ အကြံဉာဏ်တွေ ဘယ်လိုယူသလဲ ဆိုတာသိလာရတယ်။ စာဖတ် ပရိသတ်ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို မေးခွင့်ရတယ်။ တစ်မျိုးစီပညာတွေ ရခဲ့ပါတယ်။ ကျွန်တော်က နားထောင်သူသက်သက်ပါ။ အဓိကကတော့ ဆရာမရဲ့ ဝတ္ထုတိုင်းကို ကျွန်တော် ဖတ်ကြည့်တော့ သဘောကျပါတယ်။ ဆရာမ ဝတ္ထုရေးပုံက အပြောနဲ့ ရေးတာများတယ်။ ဆရာမက ဝတ္ထုအများကြီးထွက်မထားဘူး၊ လက်ချိုးရေလို့ရတယ်။ ဆရာမကို သဘောကျတဲ့ အကြောင်းက ဝတ္ထုရေးတဲ့အခါ နောက်ခံအကြောင်းအရာတွေက တစ်ခုနဲ့တစ်ခုမတူတော့ အဲဒီအတွက် သဘောကျတယ်။ ဒီတက္ကသိုလ် ရာပြည့်အစီအစဉ်တိုင်းမှာ လာဖြစ်ပါတယ်။ စာအုပ်ဈေးရောင်းပွဲ၊ စာပေ ဟောပြောပွဲက တစ်နှစ်ပတ်လုံး သူ့အစီအစဉ်နဲ့သူ လုပ်သွားနေပါတယ်။ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး ရာပြည့်ကနေ ထောင်ပြည့်ပွဲတွေ လုပ်နိုင်ပါစေလို့ အတတ်နိုင်ဆုံး လာရောက်အားဖြည့်ပေးပါမယ်လို့ ပြောချင်ပါတယ်။
 
မမြချမ်းကိုကို
မြန်မာစာဒုတိယနှစ် (ရန်ကုန်တက္ကသိုလ်)

 

‌ေ

 

ဆရာမရဲ့ ဝတ္ထုတစ်ပုဒ်ကို ရသဘယ်လိုပေါ်အောင် ပြောသွားနိုင်သလဲဆိုတာကို သိရှိနိုင်ခဲ့တယ်။ ဆရာမရဲ့ကိုယ်တွေ့ရော၊ ခံစားချက်ရောပေါင်းပြီးပြောသွားတဲ့အတွက် တကယ်ခံစားရပါတယ်။ ဆရာမရဲ့ ဝတ္ထုတွေကိုသေချာမဖတ်ဖူးပါဘူး။ အခု ပထမဆုံး ဆရာမကိုတွေ့ခဲ့ရတာပါ။ သမီးက တခြားစာရေးဆရာကြီးတွေဖြစ်တဲ့ တက္ကသိုလ်ဘုန်းနိုင် တို့ကိုတော့ ဖတ်ဖူးတယ်။ အဓိကကတော့ ဝတ္ထုတစ်ပုဒ်ဖန်တီးတဲ့ နေရာမှာ စိတ်က ရေးမယ့်ဇာတ်ကောင်အပေါ်မှာ သူ့ရဲ့စရိုက်ကိုလေ့လာပြီးတော့ ရေးသင့်တယ်။ ပေါ်လွင်အောင် ရေးမယ်ဆိုရင်တော့ ဒီဇာတ်ကောင်စရိုက်ကို သေချာရေးမှ ဝတ္ထုက ဇာတ်ကောင်စရိုက်ကိုပေါ်လွင်မယ်လို့ ထင်တယ်။

ဒီတက္ကသိုလ် ရာပြည့်နဲ့ပတ်သက်လို့ကတော့ ဒီအချိန်မှာ သမီး ဒီကျောင်းကြီးကို တက်ခွင့်ရတဲ့အတွက် တအားဂုဏ်ယူမိပါတယ်။ တက္ကသိုလ် နှစ် ၁၀ဝ ပြည့်ဆိုတာ တကယ် မစဉ်းစားနိုင်ရအောင် ကြုံရခဲတဲ့ ပွဲကြီးဖြစ်ပါတယ်။ သမီးငယ်ငယ်တုန်းက တက္ကသိုလ်ကြီးက ပိတ်ထားခဲ့တယ်။ ဒီတက္ကသိုလ်ကြီးကိုအလွန်တက်ချင်ခဲ့တယ်။ ဒီလို မျိုး တက္ကသိုလ်ကြီးကို တက်ရမယ်လို့ အခွင့်အရေး ကြုံလာမယ်လို့ မထင်ထားခဲ့ဘူး လေ။ တကယ် တက်ခဲ့ရတော့ အလွန်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ သမီးက အဆောင်သူဖြစ်ပါတယ်။ ဒဂုံဆောင်ကနေ ကျောင်းတက်ပါတယ်။ အဆောင်က အစား အသောက်က အစ စနစ်တကျ ချက်ကျွေးပါတယ်။ ဆရာဆရာမတွေ အနေနဲ့ကလည်း ကိုယ့်သားသမီးတွေလို စောင့်ရှောက်ပေးကြပါတယ်။ အမြင်မတော်တာရှိလည်း ဆုံးမပေးတယ်။ နယ်အစုံကသူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်။


တွေ့ဆုံမေးမြန်း - ရီရီမြင့် ၊ ဥမ္မာသန့်