ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်း

ညောင်ဦး နိုဝင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အပွင့်ပွင့်နှုန်းကောင်းနေကာ အသီးသီးပြီး ခုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးတင်မျိုးထံက သိရသည်။

 

ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးမှု ပြန်လည်များပြားလာပြီး မိုးရွာသွန်းမှုများခြင်းနှင့်အတူ ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အပွင့်အပွင့်နှုန်း အထူးကောင်းမွန်နေကြောင်း၊ ပဲစင်းငုံကြဲပက်စိုက်ပျိုးခြင်းအား ပဲစင်းငုံသက်သက် ကြဲပက်စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ မိုးနှမ်းစတင်ကြဲပက်စိုက်ပျိုးသည့် ဧပြီလ၊ မေလတို့တွင် မိုးစတင်ရွာသွန်းခြင်းနှင့်အတူ မိုးနှမ်းများနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ မိုးနှမ်းများနုတ်သိမ်းပြီးချိန် ပဲစင်းငုံပင်များ မြေဆွသကဲ့သို့ဖြစ်ပြီး အပင်များကြီးထွားလာကာ သတတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပဲစင်းငုံများ အပွင့်ပွင့်ကြပြီး အသီးသီးကြောင်း၊ နတ်တော်လ၊ ပြာသိုလတို့တွင် ပဲစင်းငုံများ ခုတ်သိမ်းလေ့ရှိကြောင်း ကုလားတဲကျေးရွာ ဦးသန်းထိုက်က ရှင်းပြသည်။

 

ပဲစင်းငုံစိုက်ခင်းများအား သီးထပ်စိုက်ခင်းများဟုခေါ်ဆိုကြပြီး ပဲစင်းငုံအနီမျိုး၊ အဖြူမျိုးနှင့် ပဲစင်းငုံအဝါမျိုးများ စိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံအနီမျိုးကို တဘက်ကိုင်းမျိုးဟု ခေါ်ဆိုကြပြီး အဝါစေ့မျိုးများအား အညာဒေသတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလတို့တွင် အပွင့်ဖြိုင်ဖြိုင်ပွင့်ကြပြီး အပွင့်ပွင့်နေချိန် မိုးလေကင်းလွတ်ပါက အပွင့်ပွင့်အသီးတင်ကာ ပဲစင်ငုံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းဖို့ သေချာနေပြီဖြစ်ကြောင်း၊ ယခုနှစ် ပဲစင်းငုံအပွင့်ပွင့်ချိန် မိုးရွာသွန်းမှုမရှိခြင်းကလည်း အထွက်နှုန်းကောင်းရန် သေချာစေကြောင်း ပဲစင်းငုံစိုက်တောင်သူများက ပြောကြားကာ ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးမှု ပြန်လည်များပြားလာပြီး ပဲစင်းငုံများအထွက် နှုန်းကောင်းမည့် နှစ်တနှစ်ဖြစ်ကြောင်း တောင်ဘကျေးရွာ တောင်သူ ဦးတင်မျိုးက ရှင်းပြ၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)