ညောင်ဦးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပဲစိုက်တောင်သူများ လုပ်ငန်းခွင် ရပ်နားထား

ညောင်ဦး ၁၁ နိုဝင်ဘာ    

                         

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောရွာများမှ မြေပဲကြီးစိုက်တောင်သူများနှင့် မြေပဲလေးစိုက်တောင်သူများသည် နိုဝင်ဘာ ၇ရက်မှစတင်၍ မိုးရွာသွန်းနေသည့်အတွက် မြေပဲပင်ဖတ်များကို စုပုံအုပ်ဆိုင်းပြီး မိုးကာအုပ်၍ လုပ်ငန်းခွင်ရပ်နားထားကြကြောင်း သိရှိရသည်။

 

"ကျတော်တို့တောင်သူတွေ မြေပဲဖေါ်ချိန် မိုးရွာလို့ အလုပ်ပျက်တာ ငါးရက်လောက်ရှိပြီ။ မြေပဲအတောင့်တွေ အောက်လည်းကြွေတယ်၊ အောက်ကြွေတဲ့မြေပဲအတောင့်တွေကိုလည်း ကောက်လို့မရတော့ဘူး။ နောက်မြေပဲ ရိတ်သိမ်းစရာရှိတာတွေကိုလည်း မိုးရွာနေတော့ ရပ်ဆိုင်းထားရတယ်။ အရင်ရိတ်သိမ်းပြီး အပင်ဖတ်တွေကိုလည်း မိုးလုံအောင် မနည်းအုပ်ဆိုင်းထားရတယ်။ ပုံခဖြန့်ခ အလုပ်သမားစရိတ်တွေ အပိုကုန်တော့မယ်။ တောင်သူတွေလည်း အလုပ်ပျက်နေတာ ငါးရက်လောက်ရှိသွားပြီ။ နောက်ထပ်လည်း မိုးက အဆက်မပြတ်ရွာနေသေးတယ်။ ဒီနှစ်မြေပဲစိုက်တောင်သူတွေ ဒုက္ခများတာပဲ အဖတ်တင်မယ်။"ဟု အောက်ညဉ့်ရွာမှ မြေပဲစိုက်သူဦးမြင့်သန်းက ပြောသည်။ မိုးကလည်း အခုနေပွင့်လိုက်၊ အခုမိုးရွာချလိုက်နဲ့ နောက်ထပ်လည်း မိုးရွာမှာပဲ စိတ်ပူနေတယ်။ နောက်ထပ်မိုးရွာရင် ဆောင်းမြေပဲလည်း စိုက်လို့မရသေး။ ထွန်ရေးပြင်မယ်ဆိုလည်း မိုးကရွာနေတော့ မြေကြီးအစိုကို ထွန်မရသေးဘူး။ ကျွန်တော်တို့ တောင်သူတွေ မိုးဦးမြေပဲက မိုးဖျက်တာနဲ့ မြေပဲမရနိုင်တော့ဘူး။ မိုးကလည်း နောက်ထပ်ရွာနေဦးမည်ဆိုရင် ပိုးဆိုးတော့မယ်။ မိုးမြန်မြန်လင်းမှ အလုပ်မြန်မြန် လုပ်ရတော့မှာပါ။ အခုတော့ ပဲအပင်ဖတ်တွေ မိုးမိလို့ အုပ်ဆိုင်းရတော့ လုပ်အားခတွေလည်း တော်တော်ကုန်လှပြီ"ဟု သုံးလမြေပဲစိုက်သည့် တောင်သူယဉ်ဆန်းရွာက ဦးသောင်းဌေးက ပြောသည်။

 

ကျော်ဌေး (ညောင်ဦး)