ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း ကိုဗစ်-၁၉ ကာလအတွင်း ဈေးနှုန်း အမြင့်ဆုံး ရောင်းချရ

ညောင်ဦး၊   ၂၁   ဇွန်  

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်းကျေးရွာ အုပ်စုရှိကျေးရွာများ မြေအောက်ရေသွင်းပြောင်းဖူးစိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းမြင့်ဆုံးရောင်းချနေရကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့် ထံက သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင်း  အနီးအနားမြို့များသို့သာ ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့်ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိ ဖြစ်နေရာမှ ဇွန်လတွင် ပြောင်းဖူးဈေးနှုန်းများ တက်လာခဲ့ကြောင်း ပြောင်းဖူးစိုက်တောင်သူများက ပြောသည်။

 

ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံစိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကို တွင်းတူးပြီး ရေသွင်းစိုက်ပျိုးကြတယ်။ ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့် စိုက်ပျိုးကြလို့  အောင်မြင်ဖြစ်ထွန်းကာ ဈေးနှုန်းလည်းပြန်လည်ရရှိပြီး တွက်ခြေကိုက်ပါတယ် ဟု ပြောင်းဖူးစိုက်တောင်သူများက ပြောသည်။

 

ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာလတွင် ပြောင်းဖူးစိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူးလျှင် ငွေကျပ် ၈၀ သာ ရောင်းချခဲ့ရကြောင်း၊ ဇွန်လအတွင်း အခြားမြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူမှု များပြားခဲ့ရာ ဆယ်ဖူးဈေး ကျပ် ၈၀၀ ရှိခဲ့ရာမှ ယခုလအတွင်း ဆယ်ဖူဈေး ငွေကျပ် ၁၆၀၀ နှုန်း ရောင်း ချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

mdn