ညောင်ဦးမြို့နယ်၌ တောင်သူများ ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းပညာပေး

ညောင်ဦး   ၂၇  ဇန်နဝါရီ   

တောင်သူများ ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းဆင်းပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ရွာသာကျေးရွာအုပ်စုရှိ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် Food Safety project စီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသာကျေးရွာအုပ်စုရှိ ဒေသခံ တောင်သူများအား Food Safety Project  စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများဖြင့် သီးနှံအစိုဓာတ် တိုင်းတာစစ်ဆေးခြင်း၊ မြေဆီလွှာ စမ်းသပ်စစ်ဆေးခြင်းနှင့် မြေပဲသီးနှံတွင် မှိုအဆိပ်ဓာတ် ပါဝင်မှု ရှိ မရှိ စစ်ဆေးခြင်း၊ ဆီဆုံများ သန့်ရှင်းမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ကွင်းဆင်းပညာပေးခဲ့သည်။

ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် တောင်သူများ သီးနှံစိုက်ပျိုးရာတွင် ဓာတ်ကြွင်း အာနိသင်ပါဝင်မှုနှင့် အယ်ဖလာတောက်ဆင် (မှိုအဆိပ်ဓာတ်) ပါဝင်မှု လျှော့ချသွားနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်အတွင်း Food Safety Project စီမံကိန်းဝင် ကျေးရွာပေါင်း ၁၆ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)