ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်းရရှိနေ

ညောင်ဦး ဇန်နဝါရီ ၁၀

 

တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် တွက်ခြေကိုက်နေသော မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးစိုက်တောင်သူ ဦးအေးကိုက ပြောသည်။

 

ပြောင်းဖူးစိုက်ပျိုးကြသည့် ကျေးရွာများသည် ညောင်ဦး - ပခုက္ကူ - မြင်းခြံ ကားလမ်းမကြီးလမ်းဘေးဝဲ/ယာ (ဧရာဝတီတံတား-ပခုက္ကူ) တောင်ဘက်ခြမ်းတွင် တည်ရှိကာ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းလုပ်ငန်းအား တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြကြောင်း သိရသည်။ ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်လေးကြိမ်အထိ စိုက်ပျိုးကြပြီး သကြားပြောင်းဖူး၊ အစီး(အစေး)ပြောင်းဖူး နှစ်မျိုး အဓိကထားစိုက်ပျိုးကြကာ ကြက်တမော့ (ဒေသအခေါ်) ပြောင်းဖူးလည်း ရံဖန်ရံခါစိုက်ပျိုးကြကြောင်း၊ အချို့ပြောင်းဖူးစိုက်တောင်သူများ လက်ပံခြေပေါ် မြစ်ရေတင်ဖြင့်စိုက်ပျိုးခြင်း၊ တောင်သူအများစု မြေအောက်ရေ တူးဖော်စိုက်ပျိုးကြကြောင်း သိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံမြို့များမှ ကုန်သည်များ ပြောင်းဖူးအခင်းများအထိ လာရောက်ဝယ်ယူကြကြောင်း သိရပြီး တစ်ခေါက်ဝယ်လျှင် ပြောင်းဖူးနှစ်သောင်းမှ သုံးသောင်းထိ ဝယ်ယူလေ့ရှိကာ လာရောက်ဝယ်ယူသည့် ကားတစ်စီးအပြည့် ဝယ်ယူလေ့ရှိကြောင်း ကုန်သည် ဦးဝင်းတင်က ရှင်းပြသည်။

 

မိုးရာသီပြောင်းဖူးစိုက်ပျိုးလျှင် ရက်ပေါင်း(၉၀)မှသာ ပြောင်းဖူးရရှိပြီး နွေရာသီတွင် ရက်ပေါင်း (၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရကာ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးကြကြောင်း၊ ပေါ်သမျှ၊ ထွက်သမျှ ပြောင်းဖူးများရောင်းချရခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် ပြောင်းဖူးပြီးပြောင်းဖူး စိုက်ပျိုးနေကြကာ ပြောင်းဖူးတစ်ဖူးဈေးနှုန်း ကျပ် ၁၃၀ ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး၊ ရာဖူးဈေးတစ်မျိုးခြင်း လက်လီလက်ကားရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုး ရောင်းချသူများ ဝင်ငွေကောင်း တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။

 

ကိုထိန်၊KPD