ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် မိုးစပါး ၁၄၇ ဧက စိုက်ပျိုးပြီးစီး

ညောင်ဦး ၂၁ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှ ပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါးဧက ၁၄၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျောက်ကူးလျှပ်စစ်မြစ်ရေတင် တာဝန်ခံ ဦးလှမင်းထက်(ဦးစီးအရာရှိ)က ပြောသည်။

 

ညောင်ဦးမြို့နယ် ကျောက်ကူးလျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ကျောက်ကူး လျှပ်စစ်မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်းစပါးတစ်မျိုးထဲသာ တောင်သူများစိုက်ပျိုးကြပြီး ပျိုးထောင် ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွှေ့ပြောင်းစိုက်ရကြောင်း၊ စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများ ရှင်းပြ၍ သိရသည်။

 

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ကျပ် ၆၀၀၀ ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ကျပ် ၉၀၀၀ ပေးရကြောင်း၊ အခြားသီးနှံအတွက် ကျပ် ၃၀၀၀ ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများအထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း၊ တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက် တောင်သူများက ရှင်းပြသည်။

 

မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက် ပျိုးခ ကျပ် ၅၅၀၀၀ ဖြင့် စိုက်ဧကပြတ် စိုက်ပျိုးလာကြကြောင်း မိုးစပါးစိုက်တောင်သူ ဦးမြင့်လွင်က ပြောကြားသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

mdn