ညောင်ဦးမြို့၌ မိုးရွာသွန်းမှုကြောင့် အများပြည်သူသွားလာသော လမ်းများပေါ် သစ်ပင်များ ပြိုလဲကျမှုအား အချိန်နှင့် တစ်ပြေးညီ သွားရောက်ခုတ်ထွင်ရှင်းလင်း

ညောင်ဦး ၂၃ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့တွင် စက်တင်ဘာ ၂၂ ရက်က မိုးများရွာသွန်းမှုကြောင့် ညောင်ဦးမြို့၊ သီရိပစ္စယာ တိုးချဲ့(၄)ရပ်ကွက်ရှိ နှစ်လမ်းသွား ကားလမ်းမကြီးပေါ် စိန်ပန်းပင်လဲကျ၍ လမ်းပိတ်ဆို့နေခြင်း၊ အမှတ်(၄) ဆုံကုန်းရပ်ကွက်တွင် မယ်ဇလီပင်လဲကျပြီး လမ်းပိတ်ဆို့နေခြင်းနှင့် အနော်ရထာလမ်းမကြီးတွင် ယင်းမာပင်လဲကျပြီး လမ်းပိတ်ဆို့နေခြင်းများ ဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ညောင်ဦး ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်နှင့် တစ်ပြေးညီ သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အများပြည်သူ သွားလာသော လမ်းများပေါ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်များ ပြိုလဲကျနေမှုအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အနှောက်အယှက်မဖြစ်စေရန်နှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခြင်းကို ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး အဖွဲ့က နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အဖွဲ့များခွဲ၍ လမ်းများပေါ်သို့ ပြိုလဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား  စုပေါင်းခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။  အဆိုပါ သစ်ပင်များ ပြိုလဲကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုများ မရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)