ညောင်ဦးခရိုင်အတွင်းရှိ Quarantine Centre (၇၁)ခုရှိ နေရပ်ပြန်စောင့်ကြည့်နေရသူများအား နှာခေါင်းစည်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

ညောင်ဦး ၂၁ စက်တင်ဘာ       

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦး ၊ ပုဂံ ၊ ငါ့သရောက်မြို့ရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် နေရပ်ပြန်လာသူများထားရှိရန် စီစဉ်ထားရှိသော Quarantine Centre များတွင် နေထိုင်လျက်ရှိသော နေရပ်ပြန်စောင့်ကြည့်နေရသူများ သတ်မှတ်ကာလအတွင်း အခက်အခဲမရှိ အဆင်ပြေစွာ နေထိုင်သွားနိုင်ရေးအတွက် ရည်ရွယ်ကာ ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှု အသင်းမှ ပရဟိတအသင်းသားများအဖွဲ့က စက်တင်ဘာ ၁၇ ရက်ကစပြီး မော်တော်ယာဉ်တစ်စီးဖြင့်  နယ်လှည့်ကွင်းဆင်း သွားရောက်ကာ  နှာခေါင်းစည်း(Mask)နှင့် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတ အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ငြိမ်း ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့၏ လမ်းညွှန်မှုဖြင့် ခရိုင်နှင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်းအဖွဲ့ဖြင့် အခြားတိုင်းဒေသကြီး၊ မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်လာသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် Quarantine Centre များ  စီစဉ်ဆောင်ရွက်ကာ (၂၁)ရက် စောင့်ကြည့်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင်အတွင်း ညောင်ဦးမြို့၊ ပုဂံမြို့နှင့် ငါ့သရောက်မြို့တို့တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေရပ်ပြန်လာသူများ ရောက်ရှိပါက ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စောင့်ကြည့်ကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားနိုင်ရန် Quarantine Centre စုစုပေါင်း (၇၁)ခု ဖွင့်လှစ်ထားရှိပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိ Quarantine Centre ဝင်ရောက်သော နေရပ်ပြန် စောင့်ကြည့်ရသူ ၅၄၈ ဦး ရှိကြောင်း သိရသည်။

အဆိုပါ Quarantine Centre များရှိ နေရပ်ပြန်လာသူများကို သတ်မှတ်စောင့်ကြည့်ကာလအတွင်း အခက်အခဲမရှိ အဆင်ပြေစွာ နေထိုင်သွားနိုင်ရေးအတွက် စက်တင်ဘာ ၁၇ ရက်နေ့က စတင်ကာ ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှု အသင်းမှ ပရဟိတအသင်းသားများအဖွဲ့က စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် နေရပ်ပြန်စောင့်ကြည့်ရသူ တစ်ဦးလျှင် နှာခေါင်းစည်း (၁၀)ခု၊ ကြက်ဉ(၅)လုံး၊ မုန့်(၁)ထုပ်၊ ကာပေါ်လစ် ဆပ်ပြာခဲ(၁)တောင့်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာများရှိ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များကိုလည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် နှာခေါင်းစည်းနှင့် ကာပေါ်လစ်ဆပ်ပြာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း၊ စုစုပေါင်း လှူဒါန်းပေးခဲ့သော ထောက်ပံ့ပစ္စည်းများအနေဖြင့် နှာခေါင်းစည်း(Mask) အခုရေ ၈၀၀၀၊ ကြက်ဉအလုံး ၃၀၀၀၊ ကာပေါ်လစ်ဆပ်ပြာတောင့် ၆၀၀ နှင့် မုန့်ထုပ် ၆၁၆ ထုပ် တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း  ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ အဖွဲ့ဝင် ဦးအောင်ငြိမ်း က ပြောပြသည်။   

ရဲဝင်းနိုင် (ညောင်ဦး)