ညောင်တုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်တုန်း  ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကညင်ကောက်ကြီး ကျေးရွာအုပ်စု ဥတိုကျေးရွာတွင် ၂၀၂၁- ၂၀၂၂ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေ မှုအား ဇန်နဝါရီ ၂၁ ရက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ဥတိုကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းသည် အရှည်ပေ ၁ မိုင် ၃ ဒသမ ၆၆ ဖာလုံ အကျယ် ၁၈ ပေ အမြင့် ၃ ပေဖြစ်ပြီး ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၅၈.၁၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ရွှေလွန်းပင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက် ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ် (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၂.၉၆)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး  ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ လမ်းရေရှည် အသုံးပြုနိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

တေဇာလင်း