ညောင်တုန်းမြို့  အဝင်/အထွက်ပူးပေါင်းစစ်ဆေးရေးဂိတ် (၂) ခုတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

ညောင်တုန်း    ၂၅   စက်တင်ဘာ          

 

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ညောင်တုန်း-ရန်ကုန်ကားလမ်းအပေါ်  လမ်းအထူး (၂၁) ထိပ်နှင့် ကျုံတမာ ကျေးရွာအုပ်စု၊ တာကွေ့ ကျေးရွာတို့တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တို့ကို စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းကို နေ့စဉ်  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ညောင်တုန်းမြို့နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသွားထောက်ခံချက်ဖြင့် သွားလာနေသော သာမာန်အိမ်စီးယာဉ်ငယ်များ၊ အငှားယာဉ် (Taxi) များ၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့ပေါ်ရှိ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ပူးပေါင်း စစ်ဆေးရေးဂိတ် (၂) ခုတို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)