ညောင်လေးပင်မြို့နယ် ကျွဲသေမြောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထအကြိမ်ထုတ်ချေး

mdn

ညောင်လေးပင် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျွဲသေမြောင်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ စတုတ္ထအကြိမ် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ထုတ်ချေးပေးရာတွင် ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခင်စုလှိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ စားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက ကျွဲသေမြောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း စတုတ္ထအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၂၅၇ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၃၇၂ ဒသမ ၂ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဦး