ညောင်လေးပင် စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၌ စေတနာလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ အများပြည်သူများ စုပေါင်းလှူဒါန်းမှုဖြစ် ဆောင်ရွက်လျက်ရှိသော အောက်စီဂျင်စက်အား အောက်တိုဘာလ ပထမအပတ်ခန့်တွင် ထုတ်လုပ်လှူဒါန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြို့သူမြို့သားများ ယခုကာလအတွင်း အောက်စီဂျင်အခက်အခဲမဖြစ်စေရေးအတွက်ရည်ရွယ်၍ အောက်စီဂျင် စက်ရုံတည်ဆောက်ကာ ထုတ်လုပ်လှူဒါန်းနိုင်ရန် ညောင်လေးပင်မြို့ရှိ စေတနာလူမှုကူညီရေး အသင်းကြီးမှ ဇူလိုင်လလယ်ခန့်တွင် အစည်းအဝေးပြုလုပ်ကာ မြို့အတွင်းအလှူခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုအခါ မှာယူထားသည့်အောက်စီဂျင်စက်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေပြည်ဖြစ်ပြီး တစ်ပတ်အတွင်း ညောင်လေးပင်မြို့သို့ရောက်ရှိမည်ဖြစ်သည်။ အောက်စီဂျင်စက်တည်ထားမည့် အဆောက်အဦမှာလည်း ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်သောကြောင့် လျှပ်စစ်မီးရရန် ထရန်စဖော်မာ ယခုလကုန် လာရောက်တပ်ဆင်ပြီးပါကအောက်တိုဘာလ ပထမအပတ်ခန့်တွင် အောက်စီဂျင်ထုတ်လုပ်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း စေတနာအသင်း အတွင်းရေးမှူး ဦးအောင်လင်းထံမှသိရသည်။
စေတနာလှူမှုကူညီရေးအသင်းကြီးသည် ၂၀၁၅ ခုနှစ်ကစ၍ ရန်ကုန်မှ အောက်စီဂျင်ဝယ်ကာ ညောင်လေးပင်မြို့ အနီး ပြွန်တန်ဆာမြို့၊ရွှေကျင်မြို့၊ဖဒိုမြို့၊ဒိုက်ဦးမြို့များအထိ အောက်စီဂျင်လိုအပ်သူများအား လှူဒါန်းပေးလျက်ရှိခဲ့ပြီး ယခုကိုဗစ်-၁၉ကာလတွင် အောက်စီဂျင်ကိုယ်ထိုင်ထုတ်လုပ်လှူဒါန်းနိုင်ရန်စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုအောက်စီဂျင်စက်အား ခန့်မှန်းကုန်ကျငွေ သိန်း(၁၂၀၀) ခန့်မှန်းထားကာလက်ရှိတွင် ၄၀ လီတာအိုး ၈၅ အိုး နှင့် ၁၀ လီတာအိုး ၅၀ စီစဉ်ထားရှိပြီး စက်ရုံလမ်းရှိ စေတနာလူမှုကူညီရေးအသင်းရုံးဘေး အသင်းပိုင်မြေနေရာတွင် တည်ဆောက်ထားသော စက်ရုံ၌ပင် ထုတ်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မောင်လွင်(ညောင်လေးပင်)