နည်းပညာတက္ကသိုလ်(ထားဝယ်)၏ တတိယအကြိမ်မြောက် Project & Poster ပြပွဲပြိုင်ပွဲကျင်းပ

ထားဝယ်  ၂၈  ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းသား ကျောင်းသူများ၏ တတိယအကြိမ်မြောက် Project & Poster ပြပွဲပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက နည်းပညာတက္ကသိုလ် (ထားဝယ်)ပင်ဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် တာဝန်ရှိသူများက Project & Poster ပြပွဲပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

a

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး နည်းပညာ တက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ကျော်လင်းက ကျောင်းသား ကျောင်းသူများ အင်ဂျင်နီယာ ဘာသာရပ်များကို ပိုမိုစိတ်ဝင်စားလာပြီး ကျွမ်းကျင်တတ်မြောက်သော အင်ဂျင်နီယာများ ဖြစ်လာအောင် ပိုမိုကြိုးစားလာစေရန်၊ ခေတ်နှင့်အညီ တိုးတက်လာသော နည်းပညာပစ္စည်းများကို အသုံးပြုပြီး ဆန်းသစ်သော Poster များ တီထွင်တက်လာစေရန်၊ လူမှုအသိုင်းအဝန်းအတွက် အကျိုးပြုနိုင်သော နည်းပညာပစ္စည်းများ တီထွင်တက်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

a

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မေဂျာအလိုက် ခင်းကျင်းပြသထားသော Project ၂၆ ခုနှင့် Poster များအား ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်အဖွဲ့များက ပြိုင်ပွဲဝင် Project ၁၅ ခုအား ကြည့်ရှု၍ အကဲဖြတ်အမှတ်ပေးခဲ့ကာ ဆုရရှိသော Project အဖွဲ့အား ဆုများပေးအပ်ခဲ့သည်။

(ခရိုင်ပြန်/ဆက်)