နမ့်ခမ်းမြို့၌ မျိုးသန့်စပါး၊ မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူ ၃၀ ဦးအား ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့

နမ့်ခမ်း  ၆  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ နောင်ကောင်းကျေးရွာတွင် မျိုးသန့်စပါး၊ မျိုးစေ့ထုတ်တောင်သူ ၃၀ ဦးအား ယနေ့ မွန်းလွဲ ၂ နာရီက ကွန်ပေါင်းဓာတ်မြေဩဇာ (၅၀) ကီလိုကရမ်ပါအိတ် ၃၀  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက အမှာစကားပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းလွင်လွင်စိန်တို့က မျိုးသန့်စပါး၊ မျိုးစေ့ထုတ် တောင်သူများအတွက် သွင်းအားစု ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

 

နမ့်ခမ်းမြို့တွင် မျိုးသန့်စပါးမျိုးစေ့ထုတ်စိုက်ဧက စုစုပေါင်း (၅၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး အထွက်နှုန်း ကောင်းသည့် မျိုးစေ့နံပါတ် DU-16 မျိုးစေ့များကို စိုက်ပျိုးမည်ဖြစ်သည်။ စိုက်ပျိုးမည့် ဧကစုစုပေါင်း ဧက ၅၀ ကို စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကလျှင် ကွန်ပေါင်းဓာတ်မြေဩဇာ (၈) ကီလိုဂရမ်နှုန်းဖြင့် (အခမဲ့) ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဘဦး(ပြန်/ဆက်)