နမ့်ခမ်းမြို့၌ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

နမ့်ခမ်း  ၁၂  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဇူလိုင်လအတွင်းဖွင့်လှစ်မည့် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းသုံးကျောင်း နှင့် ကိုယ်ပိုင်ကျောင်း သုံးကျောင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  စည်ကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးသည်။

 

နမ့်ခမ်းမြို့မှာရှိတဲ့ အခြေခံကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားပါတယ်၊ အထက်တန်းကျောင်း (၃)ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၆)ကျောင်းကိုတော့ ကျန်းမာရေးဌာနက လမ်းညွှန်ချက်နဲ့အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို စစ်ဆေးပြီးပါပြီ၊ လိုအပ်ချက်တွေကို ပြန်လည်မှာကြား ထားပါတယ်၊ ဒါ့အပြင် ကျေးရွာတွေမှာရှိတဲ့ အခြေခံကျောင်းတွေကိုလည်း ဆက်လက် ကွင်းဆင်းစစ်ဆေးသွားမယ်လို့ နမ့်ခမ်းမြို့၊ မြို့နယ်ပညာရေးမှူး ဦးစိုင်းအိုက်ယုံက ပြောကြားသည်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အခြေခံပညာအထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအတွက် ကျောင်းသား၊ ကျောင်းသူများ လက်ဆေးရန် နေရာများစီစဉ်ထားရှိခြင်း၊ စာသင်ခန်းများအတွင်း ကျောင်းသားကျောင်းသူများ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၃)ပေအကွာ နေထိုင်နိုင်ရန် စာသင်ခုံများစနစ်တကျ ထားရှိခြင်းနှင့် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆိုင်ထွန်း(ပြန်/ဆက်)