နှလုံးကင်ဆာဆိုတာ ရှိလား။ မရှိဘူးလား။

၂၁  ဖေဖော်ဝါရီ

သြော်…ကင်ဆာ…ကင်ဆာ။ ကင်ဆာဆိုတဲ့အရာက ကိုယ့်မှာရှိသမျှ အစိတ်အပိုင်းတွေအားလုံးမှာ ဖြစ်နိုင်တဲ့အရာ။ စဉ်းစားကြည့်လေ…အပေါ်ဆုံးကနေ စကြည့်ကြည့်မယ်ဆိုရင် ဦးနှောက်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ ၊ ပန်ကရိယ ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ၊ စအိုကင်ဆာ၊ အရေပြားကင်ဆာ။ အို.. အစုံပါပဲ.. နာမည်ကြီးကင်ဆာတွေ။ အရေးကြီးတဲ့ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာမဖြစ်တာမရှိ။ ပြောထားတဲ့ ကင်ဆာတွေအားလုံးကလည်း သူတို့ ကင်ဆာ အသိုင်းအဝိုင်းမှာ နာမည်ကြီးတွေ။ မသိသူသိပ်မရှိ။ ကိုယ်ခန္ဓါမှာရှိတဲ့ အရာအားလုံး ကင်ဆာဖြစ်နိုင်တယ်ဆိုတော့ တစ်ချက်စဉ်းစားကြည့်။ နှလုံးကင်ဆာဆိုတာရှိလား။ ကြားဖူးလား။ သိပ်မကြားဖူးတော့ မရှိဘူးလို့ ထင်ချင်စရာပဲ။ နှလုံးကင်ဆာဆိုတာ လောကကြီးမှာရှိလား မရှိလားကြည့်ရအောင်။

ကင်ဆာတော်တော်များများကြားဖူးပေမယ့် နှလုံးကင်ဆာဆိုတာရှိရဲ့လား။

နှလုံးကင်ဆာဆိုတာရှိပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ ဖြစ်ရင်လည်း တစ်ခါထဲ အသေပဲ။ အဲလိုပြောလိုက်လို့ လန့်သွားကြဦးမယ်။ နှလုံးကင်ဆာဟာ ဖြစ်တတ်ပေမယ့် အများစုဟာ ကင်ဆာမပြောင်းနိုင်ဘူး။ ဝမ်းသာစရာပဲနော်။ နှလုံးကင်ဆာဖြစ်တာ နည်းရခြင်းအကြောင်းက နှလုံးက ဆဲလ်တွေဟာ တခြားကလီစာက ဆဲလ်တွေလို ဆဲလ်တွေသေပြီး အသစ်ပြန်ပြန်ဖြစ်လာတာမျိုး မရှိဘူးတဲ့။ သူ့ဘာသာတောင် မွေးကတည်းက သေဆုံးတဲ့အထိ တစ်ချက်ကလေးမနားဘဲ အလုပ်တွေလုပ်နေရတာဆိုတော့ ဆဲလ်တွေပွားချိန်လည်းမရှိဘူးတဲ့။ အဲတော့ နှလုံးကိုယ်တိုင်ကနေ ကင်ဆာဖြစ်တာ အင်မတန်မှ ရှားပါတယ်။ နှလုံးကင်ဆာဆိုပြီး ကြားဖူးတဲ့ သူလည်းနည်းတာပေါ့။

နှလုံးကင်ဆာ ဘယ်နှစ်မျိုးရှိလဲ။


၁ ။ Primary Tumor (နှလုံးကိုယ်တိုင်က စဖြစ်တာ)


နှလုံးထဲမှာမှ နှလုံးဘယ်ဘက်အခြမ်း၊ နှလုံးအခန်းတွေကိုခွဲခြားပေးထားတဲ့ ကြွက်သား နဲ့နှလုံးအဆို့ရှင်လေးတွေမှာ ကင်ဆာဖြစ်တတ်တယ်။ နှလုံးမှာဖြစ်တဲ့ ကင်ဆာကို ဆေးပညာအရ Myxoma လို့ခေါ်တယ်။ နှလုံးကစဖြစ်ရင်တော့ Primary Tumor ပေါ့။ အမျိုးသမီးတွေက ပိုဖြစ်နိုင်တယ်။ သိပ်လည်း ဝမ်းနည်း မသွားနဲ့ဦး။ လူအယောက် တစ်သိန်းမှာမှ တစ်ယောက်ပဲဖြစ်နိုင်တာဆိုတော့ အင်မတန်ရှားတယ်လေနော်။

၂ ။ Secondary Tumor ( အခြားကင်ဆာကနေ နှလုံးကိုပြန့်တာ)

Secondary Tumor က Primay Tumor ထက် ပိုအဖြစ်များပါတယ်။ သူက နှလုံးကနေကင်ဆာစဖြစ်တာမဟုတ်ဘဲ အခြားမှာဖြစ်တဲ့ ကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ များသောအားဖြင့် အဆုတ်၊ ရင်သား၊ အစာအိမ်၊ အသည်း၊ အူမကြီးကင်ဆာတွေကနေ ပျံ့လာတာဖြစ်ပါတယ်။ သူလည်း ဖြစ်တော့ဖြစ်နိုင်ပေမယ့် အဖြစ်နည်းပါတယ်တဲ့။

နှလုံးကင်ဆာရဲ့ လက္ခဏာများ

နှလုံးကင်ဆာရဲ့ လက္ခဏာတွေက များသောအားဖြင့် မသိတာများတယ်တဲ့။ သူဖြစ်တဲ့နေရာပေါ်လိုက်ပြီး ရောဂါလက္ခဏာပြတတ်တယ်။ ဘယ်ဘက်နှလုံးခန်းမှာဖြစ်ရင်တော့ သွေးစီးဆင်းမှုပိတ်သွားပြီး နှလုံးထဲ သွေးပြန်အိုင်လာတဲ့အခါမှာ လူနာအနေနဲ့ အသက်ရှူရခက်တာ၊ မောတာ၊ လှဲမအိပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်။

နှလုံးကင်ဆာကို ဆရာဝန်တွေအနေနဲ့ echocardiogram လို့ခေါ်တဲ့ နှလုံးကို ပုံရိပ်ဖမ်းတဲ့ စက်ကနေသိနိုင်ပါတယ်။ CT scan ဖတ်တာ၊ MRI ရိုက်တာတွေလုပ်ပြီးတော့လည်း နှလုံးကင်ဆာကို သိနိုင်ပါတယ်။ ကင်ဆာက အခဲဖြစ်သွားရင်တော့ ရင်ဘတ်ဓါတ်မှန်ကနေ တွေ့နိုင်ပါတယ်။ တခြားကတော့ လုပ်နေကျတွေဖြစ်တဲ့ သွေးထဲ ကင်ဆာကထုတ်တဲ့ Tumor Marker လေးတွေ တက်မတက်စစ်တာပေါ့။

ကုသမှု

ကုသမှုအနေနဲ့ကတော့ ကင်ဆာအလုံးကိုဖယ်ထုတ်လိုက်တာပေါ့။ ခွဲစိတ်မှုကအရမ်း ရှုပ်ထွေးပါတယ်။ နှလုံးကိုခွဲရတာဆိုတော့ ခွဲနေချိန်မှာ နှလုံးအလုပ်လုပ်ဖို့ အပြင်ကနေ စက်တွေနဲ့ နှလုံးကို ခုန်အောင် လုပ်ပေးနေရမှာပါ။ ခွဲစိတ်တာအောင်မြင်သွားရင်တော့ ဆေးရုံမှာ ၆ ပတ်လောက်နေပြီး ပုံမှန်ဖြစ်သွားရင် အိမ်ပြန်လို့ရတယ်။ ကင်ဆာဖြစ်တဲ့ဆဲလ်ကို ဖယ်ထုတ်လိုက်ပေမယ့် စိတ်မချရသေးတာကြောင့် လူနာတွေ အနေနဲ့ တစ်နှစ်တစ်ခါ Echocardiogram ရိုက်ပြီး ကင်ဆာဆဲလ် အသစ်ရှိမရှိစစ်ပေးဖို့ လိုပါတယ်။

ဒါတွေကတော့ ရှိတော့ရှိတယ်၊ အင်မတန်မှရှားတယ် ဆိုတဲ့ နှလုံးကင်ဆာအကြောင်းပဲဖြစ်ပါတယ်။ ဖြစ်တဲ့သူ အင်မတန်မှ ရှားတာဆိုတော့ သိပ်လည်းကြောက်ဖို့ မလိုဘူးနော်။ ပြီးတော့ သေချာစဉ်းစားကြည့်တော့ ချစ်တယ်ဆိုတာလည်းသူကဖြစ်တာ။ မုန်းတဲ့ ကိစ္စမှာလည်း သူပါတာပဲ။ သွေးတွေကိုလည်း တစ်ကိုယ်လုံးရအောင် သူကဖြန့်ပေးရသေးတယ်။ အဲ့လောက် အလုပ်များပြီး အရေးပါတဲ့ နှလုံးသားလေးကို လူအများကြီးမှာ ကင်ဆာပေးဖြစ်ရအောင်လည်း သဘာဝတရားကြီးက အဲ့လောက်တော့ မရက်စက်သေးပါဘူး။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”