နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ် ၂၀၂၁ နှစ်ဆန်းပိုင်း ပြီးစီးမည်

မေ ၂၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ်မှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။
                                    
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းဖူဆယ်အားကစားရုံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ပန္နက်တင် အခမ်းအနား ပြုလုပ်ကာ စတင်တည်ဆောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် လုပ်ငန်းကြန့်ကြာမှုများ ရှိခဲ့သဖြင့် ပြီးစီးမည့်ကာလမှာလည်း နောက်ကျခဲ့ခြင်းဖြစ်သည်။ ယခင်က ယခု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် သတ်မှတ်ထားသော်လည်း လအနည်းငယ် နောက်ဆုတ်သွားခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှ ပြီးစီးမည်ဖြစ်သည်။ 

ရန်ကုန်မြို့တွင် ဖူဆယ်အားကစားရုံ သီးသန့်မရှိသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၂၀ဝ၀ ကျော် ဝင်ဆံ့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည်  အားကစားရုံ အခက်အခဲကြောင့် ပြည်တွင်းပြိုင်ပွဲများ ကျင်းပရာတွင် အခက်အခဲများ ရှိခဲ့ပြီး ယခုအားကစားရုံ ပြီးစီးသွားပါက ပြည်တွင်းပြိုင်ပွဲများ တိုးမြင့်ကျင်းပနိုင်မည်ဖြစ်သည်။ 

ထို့ပြင် နိုင်ငံတကာ ဖူဆယ်ပြိုင်ပွဲများကိုလည်း လက်ခံကျင်းပနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀ဝ၆ ခုနှစ်မှစ၍ ဖူဆယ်လက်ရွေးစင်အသင်းကို နိုင်ငံတကာပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ် ရရှိထားသည်။

ညီမြတ်သော်တာ