နိုင်ငံတကာအဆင့်မီ CPM အမှတ်တံဆိပ် မော်တော်ဆိုင်ကယ်များ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသွားမည်

မန္တလေး ၂၁ ဇန်နဝါရီ

    
ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် Chareon Pokaphan(CP) Group မှ နိုင်ငံတကာ အဆင့်မှီ CPMအမှတ်တံဆိပ်ပါ မော်တော်ဆိုင်ကယ်များအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ မော်တော်ဆိုင်ကယ်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးလိုင်စင်ကို ခွင့်ပြုပေးလိုက်သည့် Chareon Pokaphan(CP) Group မှ မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်၌ ကုမ္ပဏီစတင်တည်ထောင်ခဲ့ပြီး ထိုင်း၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံတ ကာအဆင့်မှီ စက်ပစ္စည်းအစိတ်အပိုင်းများကို မှာယူ၍ မန္တလေးမြို့တွင် တပ်ဆင်ထုတ်လုပ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဆိုင်ကယ်ထုတ်လုပ်ဖြန့်ချိရေးနှင့် ပတ်သတ်သော သတင်းစာရှင်းလင်းပွဲတွင် CPM ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Charas Chitkittichamras က ပြောသည်။ 


“မော်တော်ဆိုင်ကယ်စီးတဲ့နေရာမှာ သွားလာဖို့ တစ်ခုတည်းအတွက်သာမက ဖက်ရှင်ကျနမှု၊ သက်သောင့်သက်သာရှိမှုတွေအတွက်ပါ ခံစားရစေဖို့ အပြောင်းအလဲတစ်ခုအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်တွေကို ယုံကြည်စိတ်ချစွာနဲ့ လူတိုင်းစီးနင်း နိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းဖြစ်ရမယ်”ဟု ၎င်းက ပြောသည်။


CPM အမှတ်တံဆိပ်ပါ မော်တော်ဆိုင်ကယ်များကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် မြေ တစ်ဧက အကျယ်အဝန်းပေါ်တွင် မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ထားပြီး Classy နှင့် Sawasdee ဟူ၍ အမျိုးအစားနှစ်မျိုးထုတ်လုပ်ထားကာ အမျိုးအစားပေါ်မူတည်၍ ငွေကျပ် ၉ သိန်း ငါး သောင်းမှ ၁၂ သိန်း အတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 


တင်မောင်(မန်းကိုယ်ပွား)