နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်၏ ၂၀၁၉ ခုနှစ် နှစ်သစ်ဩဝါဒ

၁  ဇန်နဝါရီ

 

ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ နှစ်သစ်မှာဘုန်းဘုန်းပြောချင်တာကတော့ မေတ္တာတရားပွားများဖို့။ မေတ္တာခန်းနေလို့ရှိရင် တိုင်းပြည်ရော၊ ကမ္ဘာကြီးရောဆူပွက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် သတ်ကြ၊ ဖြတ်ကြ၊ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည် စစ်ဖြစ်ကြဆိုရင် ကမ္ဘာကြီးအတွက် မကောင်းဘူး။ အဲဒါကြောင့် ကမ္ဘာကြီးအေးချမ်းသာယာပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်အောင်ဆိုရင် မေတ္တာပွားပါ။

 

မေတ္တာပွားနည်း ၁၁ နည်း မေတ္တသုတ်ကလာပါတယ်။ အဲဒီအတိုင်းဟောပါမယ်။ လုံးစုံများစွာ သတ္တဝါချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ ကြောက်တတ်မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ မြင်အပ် မမြင်အပ် နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ရှည်တိုအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲ ပါစေ၊ ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ၊ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။

 

အဲဒီမေတ္တာပွားနည်း ၁၁ နည်းကို ကမ္ဘာသူ ကမ္ဘာသား တိုင်းသူပြည်သားအများ မေတ္တာပွားများပြီး ကမ္ဘာကြီးတစ်ခု လုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထား ကိုယ့်ညီအစ်ကို မောင်နှမသားချင်း များကဲ့သို့ အောက်မေ့ပြီးမေတ္တာပွား၊ တိုင်းပြည်ရော တစ်ကမ္ဘာလုံးအေးချမ်းသာယာကျန်းမာချမ်းသာကြပါစေ ကုန်သတည်း။ ။