နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား သုံးစွဲမှု (၅၀ ရာခိုင်နှုန်း) ပြည့်မြောက်သည့် အခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုအမှာစကား

နေပြည်တော် ၁၃ ဒီဇင်ဘာ

 

နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

 

mdn

 

ယနေ့ ကျင်းပပြုလုပ်တဲ့ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု (၅၀ %) ပြည့် မြောက်သည့် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်အဆင့် အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။

 

ဒီနေ့ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု (၅၀ %) ပြည့်မြောက်တဲ့ အခမ်းအနားဟာ နိုင်ငံတော်တစ်ဝန်းလုံးအတွက် အလွန်အရေးပါပြီး မင်္ဂလာရှိတဲ့နေ့ တစ်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဓိက လိုအပ်ချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးလည်းပါဝင်ပြီး ကျွန်တော်တို့အစိုးရ စတင်တာဝန် ထမ်းဆောင်ချိန်ကစပြီး တိုးတက်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍဟာ အဓိက ကျပါတယ်။ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ်တိုးတက် လိုအပ်လာတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ မဟာဗျူဟာနဲ့ အစီအစဉ်များ ရေးဆွဲချမှတ်ပြီး ရေတိုရေရှည် စီမံကိန်းများနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

 

ရေတိုရေရှည် စီမံကိန်းများနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals - SDGs) မှာ ပါရှိတဲ့ စဉ်ဆက်မပြတ်ဖြစ်ထွန်းပြီး အားလုံးအကျုံးဝင်တဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်သားပြည့် အလုပ်အကိုင် ရရှိစေရေး၊ အားလုံးအတွက် ထုတ်လုပ်နိုင်စွမ်းရှိပြီး သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်ရရှိစေရေး၊ ကြံ့ခိုင်တဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့တဲ့ စက်မှုလုပ်ငန်းထူထောင်နိုင်ရေးနဲ့ ဆန်းသစ် တီထွင်မှုများကို အားပေးမြှင့်တင်ရေးဆိုတဲ့ ပန်းတိုင်များသို့ ရောက်ရှိအောင် မျှော်မှန်းကာ အခြားသော ပန်းတိုင်များနဲ့ပါ ချိန်ညှိလျက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan - MSDP 2018-2030) ကို ရေးဆွဲထားရှိပါတယ်။ ယင်း MSDP မှာလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်း အမျိုးမျိုးကို ပံ့ပိုးပေးမယ့် ဦးစားပေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးဆိုတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။

 

MSDP အရ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာလည်း လိုအပ်တဲ့ အမျိုးသားအဆင့် စီမံကိန်းရေးဆွဲခြင်း၊ ဥပဒေ နည်းဥပဒေတွေ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ အကူအညီရယူခြင်း၊ နိုင်ငံတစ်ဝန်းမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းကဏ္ဍ အသီးသီးကို ပြည်တွင်းပုဂ္ဂလိကများ၊ ပြည်ပအဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ လက်တွဲ၊ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ပါတယ်။

 

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အချိန်ကစပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ အသုံးစရိတ်များမှာ လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေးပြီး ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။ ဒီလို လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလ မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ကာလအတွင်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၃) ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၆) ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ (၁) ရုံ၊ စုစုပေါင်း (၁၀) ရုံ၊ လျှပ်စစ်ဓာတ်အား (၉၀၄) မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေး စက်ရုံများ တိုးချဲ့တည်ဆောက်ခဲ့တာနဲ့အမျှ ထုတ်လုပ်ပေးတဲ့ ဓာတ်အားများကိုလည်း တောရောမြို့ပါမကျန် တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ  အသုံးပြုနိုင်ရေး အတွက် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနဲ့ ၄၀ဝ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း ၁၉၆၀ဝ မိုင်ကျော်နဲ့ ၁၂၆၃၆ အမ်ဗွီအေရှိတဲ့ ဓာတ်အားခွဲရုံများကိုလည်း ၂၀၁၆ ခုနှစ်မှ စတင်ပြီး ၃ နှစ်ခွဲကာလအတွင်း တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

 

ဒါ့ကြောင့်လည်း ၂၀၁၆ ခုနှစ်၊ မတ်လမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ (၃၄ %) အတွက်သာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာကနေ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ (၅၀ %) အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးနဲ့ ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေးတို့ကိုလည်း များစွာကောင်းကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင်လျှပ်စစ်ဓာတ်အားစနစ် မရောက်ရှိသေးတဲ့ ဒေသတွေမှာ လျှပ်စစ် ဓာတ်အားရရှိနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို စီမံဆောင်ရွက်ရာမှာ  ယခင်က လျှပ်စစ်ဓာတ်အား မရောက်ရှိသေးတဲ့ဒေသတွေကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး (၃) နှစ်ခွဲကာလအတွင်း ကရင်ပြည်နယ်မှာ မြဝတီမြို့သို့လည်းကောင်း၊ ရခိုင် ပြည်နယ်မှာ မောင်တောမြို့သို့လည်းကောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာရှိတဲ့ ကျိုင်းတုံဒေသကိုလည်း ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသကို ဓာတ်အားပေးနိုင်ရေးအတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အားလိုင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်မှာတည်ဆောက်ပြီးစီးမှာ ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁၀ဝ) ရာခိုင်နှုန်းသို့ ရောက်ရှိရန်လည်း ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ လျှပ်စစ်ကဏ္ဍ တိုးတက်လာခြင်းဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့ ဖွံ့ဖြိုးလာစေရန် အကျိုးသက်ရောက်မှုရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်သစ်တွေ ခံစားနိုင်ဖို့အတွက် လျှပ်စစ်ကဏ္ဍအား ဆက်လက်ကြိုးပမ်းကြစေလိုပါတယ်။

 

ယခင်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနဲ့ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှာ အော်တိုတယ်လီဖုန်းများသာရှိရာက ယခုအခါ ပြည်သူအား ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန်အတွက် “1717” Hot Line ဖုန်းနှင့်   “1616 ” Hot Line ဖုန်းတို့နဲ့  (၂၄) နာရီဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။ ယခုဆို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၅၀ %) ပြည့်မြောက်တဲ့ အခါသမယမှာ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ပြည်သူပြည်သားများ အားလုံးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အားလုံးတို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်ကြီး သာယာဝပြောပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံတော်တွင် လျှပ်စစ် ဓာတ်အားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ လျှပ်စစ်ဓာတ်အား  လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေရန်၊ အကြီးစားလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများကို ပိုမိုအားပေးရန်၊ လျှပ်စစ်ဓာတ်အားကို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်တို့ကို ဆက်လက်ပြီး ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။