နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅) နှစ်သင်တန်း အမှတ်စဉ် (၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲအခမ်းအနားတွင် မြွက်ကြားသည့် သြဝါဒအမှာစကား

(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်)

 

ဒီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ် ဦးဆောင်တဲ့ လေ့လာရေးအဖွဲ့ ကြီးကြပ်သူများနဲ့ ပညာရေးဘွဲ့ (၅) နှစ် သင်တန်းအမှတ်စဉ် (၃) က ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံး ကောင်းမြတ်တဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

 

သားတို့၊ သမီးတို့အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (၅) နှစ် သင်တန်းအမှတ်စဉ် (၃) ကို အောင်အောင်မြင်မြင် တက်ရောက်ခဲ့ကြပြီးဖြစ်လို့ မကြာမီ သင်တန်းဆင်းပြီး ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အနာဂတ်ပညာရေးလောကကို သွေးသစ်လောင်းပေးမယ့် ဆရာ၊ ဆရာမလောင်းများကို တွေ့ဆုံအမှာစကား ပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးပေါင်း (၁၀ဝ) ကျော်နဲ့ ပေါင်းစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေဟာ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံတော်ရဲ့ နယ်နိမိတ်အတွင်း အပြန်အလှန် အမှီသဟဲပြုပြီး နှစ်ပေါင်းများစွာ စုပေါင်းနေထိုင်လာခဲ့ကြပါတယ်။ ဒီလို အေးအတူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေဟာ ကိုလိုနီနယ်ချဲ့တို့ရဲ့ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် တိုင်းရင်းသားအချင်းချင်းအကြား သံသယတွေပွား၊ အထင်အမြင်တွေ လွဲမှားပြီး စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ဒါဟာ နိုင်ငံတော်အတွက် ယနေ့တိုင် မပြီးဆုံးနိုင်သေးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက အချက်တစ်ချက်ဖြစ်သလို နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အဟန့်အတား ဖြစ်စေတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေလည်း  ဖြစ်ပါတယ်။

 

ဒီအခြေအနေတွေကို သိမြင်နားလည်ခဲ့ကြတဲ့ နိုင်ငံ့အကြီးအကဲအဆက်ဆက်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တဲ့ နယ်စပ်ဒေသတွေမှာ အခြေခံအဆောက်အအုံများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်တွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

 

နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးနိုင်မယ့် ပညာရေးဝန်ထမ်းကောင်းတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့မှာ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်တွေကို အဆင့်မြင့်ပညာတွေ သင်ကြားနိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ပါတယ်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအရေးကြီးပါတယ်။ ဒါ့ကြောင့် နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လူငယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနဟာ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အခြေခံပညာကို အခမဲ့သင်ယူနိုင်ရုံသာမက အဆင့်မြင့်ပညာများကိုလည်း အခမဲ့သင်ယူခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုင်းရင်းသားလူငယ်တွေ အခြေခံပညာကို အခမဲ့သင်ယူနိုင်ဖို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅) ကျောင်းကို နိုင်ငံတော်တစ်ဝန်းလုံးမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ အဆင့်မြင့်ပညာရပ်တွေကိုလည်း ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နဲ့ စစ်ကိုင်း) တို့မှာ ဆက်လက်ပြီး အခမဲ့သင်ယူနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်က နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်တွေကို အရည်အချင်းပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာအောင် သင်ကြားလေ့ကျင့်ပြုစုပျိုးထောင် ပေးနေတာပဲဖြစ်ပါတယ်။

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံးကတော့ ပညာရေးကဏ္ဍပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဟာ ထိုနိုင်ငံမှာရှိတဲ့ လူငယ်များရဲ့ ပညာရေးပဲ ဖြစ်ပါတယ်။ ပညာရေးဆိုတာ လူငယ်တွေရဲ့ ဉာဏ်၊ စာရိတ္တ၊ ကာယဖွံ့ဖြိုးရေးတို့ကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ဘဝ အောင်မြင်ရေးသာမက နိုင်ငံကြွယ်ဝချမ်းသာရေးမှာပါ အဓိက သော့ချက်ဖြစ်ပါတယ်။ နိုင်ငံကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲရာမှာ ပညာရေးဟာ အင်အားအကြီးဆုံး လက်နက်တစ်ခု ဖြစ်ပါတယ်။ ဒီပညာရေးကဏ္ဍမှာ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သားတို့၊ သမီးတို့ကို နယ်စပ်ဒေသက အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ အရည်အသွေးပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေအဖြစ် နိုင်ငံတော်က မျှော်လင့်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ သားတို့၊ သမီးတို့ဟာ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဆရာအရည်အသွေး ပြည့်ဝရုံသာမက မိမိတာဝန်ကျရာဒေသရဲ့ ဖွံ့ဖြိုးရေးတာဝန်တွေကိုပါ ထမ်းဆောင်နိုင်အောင် ဖွံ့ဖြိုးရေးတက္ကသိုလ်မှာ (၅) နှစ်တာ စာတွေ့လက်တွေ့ ဆည်းပူးသင်ယူ လေ့လာခဲ့ကြပြီး ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်။

 

နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာရုံသာမက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ရပ်တည်နိုင်ဖို့ မျှော်မှန်ကြိုးပမ်းလျက်ရှိပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan- MSDP) ကို ရေးဆွဲချမှတ် စီမံဆောင်ရွက်ပေးနေတာကိုလည်း သားတို့၊ သမီးတို့ လေ့လာထားရှိပြီး ဖြစ်ပါတယ်။ အဲဒီ MSDP စီမံကိန်းရဲ့ ပန်းတိုင် (၄) မှာ ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလို့ သတ်မှတ်ထားပြီး၊ မဟာဗျူဟာတွေထဲမှာလည်း အရည်အသွေး မြင့်မားသော ရာသက်ပန် ပညာရေးဆိုင်ရာ အခွင့်အလမ်း တန်းတူရရှိရေးဆိုတဲ့ မဟာဗျူဟာတစ်ရပ် ပါရှိပါတယ်။ ဒါဟာနိုင်ငံသားတိုင်း ပညာရည် ပြည့်ဝလာဖို့ မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံတော်က ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာစေဖို့ ရည်ရွယ်ပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ သားတို့၊ သမီးတို့ဟာ စနစ်သစ်ပညာရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ဆရာ၊ ဆရာမလောင်းတွေဖြစ်တဲ့အတွက် မိမိကိုယ်တိုင်က ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills)၊ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) နဲ့ ပြည့်စုံနေဖို့လိုအပ်သလို မိမိတပည့် ကျောင်းသားလူငယ်တွေကိုလည်း ဒီကျွမ်းကျင်မှု တနည်းအားဖြင့် C- ၅ လုံးနဲ့ ပြည့်ဝအောင် လေ့ကျင့်ပြုစု ပေးကြဖို့လိုအပ်ပါတယ်။ C-၅ လုံး ဆိုတာကတော့ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာဆန်းစစ် ဝေဖန်ခြင်းနှင့် ပြဿနာ ဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ တီထွင်ဖန်တီးခြင်း (Creativity and Innovation)၊ နိုင်ငံ့သားကောင်းဖြစ်ခြင်း (Citizenship) တို့ပဲဖြစ်တယ်။ ဒီ C- ၅ လုံးဟာ စိန်ခေါ်မှုများစွာနဲ့ ရှုပ်ထွေးနေတဲ့ ယနေ့ခေတ်မှာ ဘဝခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့ အနာဂတ်လူငယ်တွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုများပဲ ဖြစ်ပါတယ်။ သားတို့ သမီးတို့အနေနဲ့ ဒီကျွမ်းကျင်မှုများအပေါ် မိမိတို့ရဲ့ ရိုးသားမှုကို ထပ်ဆင့်လိုက်ပါက အောင်မြင်မှုများ ရရှိကြမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၁ ရာစု ပညာခေတ်မှာ မိမိတို့တပည့်လူငယ်တွေကို မတူကွဲပြားမှုနဲ့ တန်းတူညီမျှမှုများကို နားလည်လက်ခံသော၊ ဒီမိုကရေစီအလေ့အကျင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို အလေးထားသော၊ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးရဲ့ ကြွယ်ဝသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံနဲ့ သမိုင်းအမွေအနှစ်တွေကို တန်ဖိုးထား မြှင့်တင်နိုင်စွမ်းရှိသော နိုင်ငံ့သားကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးကြဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါတယ်။

 

နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး ပြည့်မီရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အနာဂတ်ပညာရေးကို ဖော်ဆောင်ကြမယ့် သားတို့၊ သမီးတို့အနေနဲ့ ဘွဲ့တစ်ခုရပြီးတာနဲ့ ပညာသင်ယူမှုပြီးဆုံးပြီလို့မခံယူဘဲ မိမိတို့ရဲ့ အရည်အသွေးပြည့်မီရေးကို မိမိတို့ ကိုယ်တိုင် တစ်သက်တာ သင်ယူချင်စိတ်မွေးမြူပြီး ဆက်လက်လေ့လာ သင်ယူနေကြရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေဟာ ထာဝရပညာရှာမှီးသူများ ဖြစ်ကြပါတယ်။ ပညာဖြန့်ဝေပေးသူများလည်း ဖြစ်ကြပါတယ်။ အပြောင်းအလဲတွေ မြန်ဆန်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ပညာကို စဉ်ဆက်မပြတ် ရှာဖွေနေသူတွေသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်ပြီး အနာဂတ်ကို အမွေဆက်ခံနိုင်မှာဖြစ်ပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ ကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေသလို တိုးတက်မှုတွေအတွက် အခွင့်အလမ်းတွေလည်း များစွာရှိနေတာဖြစ်တဲ့အတွက် သားတို့၊ သမီးတို့အနေနဲ့ အဲဒီအခွင့်အလမ်းတွေကို ရယူနိုင်အောင် မိမိတို့ရဲ့ အရည်အချင်းတွေ ပြည့်ဝနေဖို့ အမြဲမပြတ် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်း မှာကြားလိုပါတယ်။

 

ယခုလို မိမိရဲ့အရည်အသွေးကိုလည်း မြင့်မားသည်ထက် မြင့်မားအောင် အစဉ်ကြိုးစားကြရင်း မိမိတာဝန်ကျရာ ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာအောင်လည်း ပြုစုပျိုးထောင်ပေးကြစေလိုပါတယ်။ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကျောင်းနေအရွယ် အားလုံး ပညာရေးအဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူ မရှိစေရေးဆိုတဲ့ မူဝါဒတွေနဲ့အညီ တိုင်းရင်းသား လူငယ်တွေကို စာရိတ္တနဲ့ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် လေ့ကျင့် ပြုစုပျိုးထောင်ပေးကြပါလို့လည်း မှာကြားလိုပါတယ်။

 

ဒီလိုပြုစုပျိုးထောင်ပေးရာမှာ သတိထားရမှာကတော့ မူးယစ်ဆေးဝါးအန္တရာယ်ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လူငယ်ထုအတွင်းကို ဝင်ရောက်လာပြီး အနာဂတ် လူငယ်တွေရဲ့ ဘဝကို ဝါးမြိုဖျက်ဆီးနေတာဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်မားလာတာနဲ့အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ် မှုခင်းများ များပြားလာတဲ့ ဆိုးကျိုးသံသရာကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ (၉၃,ဝ၀ဝ) ဦးခန့်ထိရှိကြောင်း ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ HIV ရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ တီဘီရောဂါ ကူးစက်မှုတွေ မြင့်တက်လာကြောင်း သိရှိရပါတယ်။

 

ဒါ့ကြောင့်လည်း နိုင်ငံတော်အနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သားတို့၊ သမီးတို့အနေနဲ့လည်း မိမိတို့ ကိုယ်တိုင်က မူးယစ်ဆေးဝါး ကင်းစင်တဲ့သူဖြစ်ဖို့ လိုသလို ကျောင်းသားလူငယ်တွေကိုလည်း မူးယစ်ဆေးဝါးကင်းစင်တဲ့ အနာဂတ် မျိုးဆက်သစ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးကြဖို့ လိုပါတယ်။ မိမိရဲ့ စာသင်ကျောင်းကို မူးယစ်ဆေးဝါး ကင်းစင်တဲ့ စာသင်ကျောင်းဖြစ်အောင် ကြိုးစားပေးကြပါ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်ရဲ့ လုပ်ငန်းအစီအမံတွေမှာ လက်တွဲ ဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။

 

မြန်မာနိုင်ငံတော်ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး တိုင်းရင်းသားများရဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေ များစွာတည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ သားတို့၊ သမီးတို့အနေနဲ့ မိမိတို့တာဝန်ကျရာ ဒေသတွေက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေပြီး မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်၊ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုတဲ့စိတ်တွေ၊ ပြည်ထောင်စုစိတ်ဓာတ်တွေ မွေးမြူရင့်သန် လာစေဖို့ကိုလည်း ကြိုးစားဆောင်ရွက်ပေးကြပါလို့ မှာကြားလိုပါတယ်။

 

နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းဟာ နိုင်ငံရဲ့အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာကို နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး အခြေအနေကိုကြည့်ပြီး အကဲဖြတ်လေ့ရှိကြပါတယ်။ လူနေမှုအဆင့်အတန်း နိမ့်ကျမှုနဲ့ ကျန်းမာရေးအသိ မပြည့်စုံမှုတို့ဟာ ရောဂါဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကတစ်ဆင့် ကျန်းမာရေး အသိပညာပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်လှပဖို့အတွက် လူငယ်တွေဟာ ကိုယ်ကျန်းမာရုံသာမက စိတ်ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် သားတို့၊ သမီးတို့ အနေနဲ့ မိမိတို့ရဲ့တပည့် ကျောင်းသားလူငယ်တွေကို ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန် ပြည့်စုံတဲ့ လူငယ်တွေဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြပါလို့လည်း မှာကြားလိုပါတယ်။

 

သားတို့၊ သမီးတို့ဟာ သင်တန်းဆင်းပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ဝန်ထမ်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကိုလည်း အနည်းငယ်မှာကြားလိုပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ အဓိကခက်မ သုံးဖြာရှိတဲ့အနက် အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် နိုင်ငံ့ဝန်ထမ်းဟာ အဓိကနေရာမှာ တည်ရှိနေပါတယ်။

 

ဒါ့အပြင် ကျင့်ဝတ်သိက္ခာ ပြည့်စုံခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိခြင်း စတဲ့ အခြေခံမူများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး လုပ်ရည်ကိုင်ရည်နဲ့ ယုံကြည်မှု ခိုင်မာမှုရှိတဲ့ ဝန်ထမ်းများဟာ ကောင်းမွန်သော ဒီမိုကရေစီ ကျင့်စဉ်ရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပြီး ပြည်သူများအား အလုပ်အကျွေးပြုနေကြတဲ့  နိုင်ငံ့ဝန်ထမ်းများရဲ့ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ဟာ နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုများ တိုးပွားလာစေရေးအတွက် အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်ရဲ့ပုံရိပ်နဲ့ နိုင်ငံတော်ရဲ့တန်ဖိုးကို ကိုယ်စားပြု ထင်ဟပ်နေသူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းများအနေနဲ့ စောင့်ထိန်းရမည့် ဥပဒေများ၊ စည်းကမ်းများ၊ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း တိတိကျကျ သိရှိလိုက်နာသွားဖို့ မှာကြားလိုပါတယ်။

 

သားတို့၊ သမီးတို့ဟာ နိုင်ငံတော်က ပြုစုပျိုးထောင်ထားတဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ပီသစွာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားတဲ့အတိုင်း မိမိတို့ တာဝန်ကျရာ နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှု၊ စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင်ကြဖို့ လိုသလို အမိတက္ကသိုလ်မှာ ပညာဆည်းပူးကြရင်း သားတို့၊ သမီးတို့ရဲ့ ရင်ထဲမှာ စွဲမြဲခဲ့ပြီဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားအောင်လည်း ဆောင်ရွက်ပေးကြပါလို့ အထူးမှာကြားလိုပါတယ်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ သင်ယူ တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ လေ့လာဆည်းပူးထားတဲ့ အသိပညာတွေကို အခြေတည်ပြီး ရရှိလာတဲ့ တိုးတက်မှုတွေ၊ ကြီးပွားချမ်းသာမှုတွေကသာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်းရဲ့ အသိပညာ၊ အတတ်ပညာတွေ မြင့်မားလာရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ်ပညာ မြင့်မားလာလေလေ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရေရှည်ခိုင်မာလာလေလေ ဖြစ်ပါတယ်။

 

ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အစဉ်အမြဲ ရပ်တည်နိုင်ဖို့ဆိုရင် သားတို့ သမီးတို့အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စိတ်ဓာတ်အင်အား၊ ညီညွတ်မှုအင်အား၊ ဉာဏ်ပညာအင်အားတွေနဲ့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်၊ ဒါ့ကြောင့် သားတို့၊ သမီးတို့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသတွေမှာ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ဖြစ်လာရအောင် ပညာသင်ကြားပေးရေး တာဝန်တွေသာမက နိုင်ငံတော်တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း အထူးမှာကြားလိုပါတယ်။ 

 

ယခုလာရောက်တဲ့ လေ့လာရေးခရီးစဉ်မှာလည်း နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို လက်တွေ့သိမြင်ပြီး နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယခု လေ့လာရေးကနေ ရရှိတဲ့ အသိပညာဗဟုသုတတွေကိုလည်း မိမိတာဝန်ကျရာဒေသတွေမှာ လုပ်ငန်းတာဝန် ထမ်းဆောင်ကြတဲ့အခါ လက်တွေ့အသုံးချသွားကြပါလို့ မှာကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ မိမိတို့တာဝန်ကျရာဒေသတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါ -

- ဒေသခံတိုင်းရင်းသားလူငယ်များကို စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါ။

- ဒေသခံတိုင်းရင်းသားလူငယ်များကို ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နဲ့ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) ပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးကြပါ။

 

- တိုင်းရင်းသားတွေကို မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား မြတ်နိုးပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်နှင့် မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ကာကွယ်စောင့်ရှောက်လိုစိတ်များ ထက်သန်လာစေရန် စည်းရုံးဆောင်ရွက်ပေးကြပါ။

 

- ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများပီသစွာ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူများရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့မှာ ပါဝင်ကြိုးပမ်းဆောင်ရွက်ပေးကြပါ။

 

- တိုင်းရင်းသားအားလုံးရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို လေးစားတန်ဖိုးထားပြီး တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ရှင်သန်နိုးကြား ထွန်းကားပြန့်ပွားနေစေဖို့ အမြဲမပြတ် ဦးဆောင်ကြိုးပမ်းဆောင်ရွက်သွားကြပါ၊

 

- နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရနဲ့ အတူလက်တွဲ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

           

အားလုံးကို ကျေးဇူးတင်ပါတယ်။