နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဒုတိယအကြိမ်လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား‌ပြောကြားသည့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား

နေပြည်တော် ၃၁  ဇန်နဝါရီ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစားခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်ပတ်လည်နေ့ ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုကဲ့သို့ ဒုတိယအကြိမ် လွှတ်တော်များ၏ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ တက်ရောက်ပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအားလုံးကို အခွင့်အခါကြုံခိုက် ပြန်လည်တွေ့ဆုံရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများကို အဓိကထားပြီး တာဝန်ယူ ထမ်းဆောင်ကြရပါကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်ကြသည့်အခါတွင် မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ ကန့်သတ်ချက်၊ စည်းကမ်းချက်များရှိပါကြောင်း၊ ထို့အတူ ဥပဒေကြမ်းနှင့် ပတ်သက်ပါကလည်း ဆွေးနွေးရမည့် ကန့်သတ်ချက်၊ စည်းကမ်းချက်များရှိပါကြောင်း၊ အလားတူ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ  လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် ဝတ္တရားများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများရှိပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များသည် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျေပွန်စွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ထမ်းဆောင်ရသကဲ့သို့ ရပိုင်ခွင့်နှင့် အခွင့်အရေး များကိုလည်း မှန်မှန်ကန်ကန်အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥပဒေပြုရေးမဏ္ဍိုင် ဆိုသည်မှာ လွန်စွာတာဝန်ကြီးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ဥပဒေပြုသည်ဆိုရာတွင် လွယ်မယောင်နှင့် ခက်သကဲ့သို့ တိမ်မယောင်နှင့်လည်း နက်ပါကြောင်း၊ ဥပဒေတစ်ခု ပြုမည်ဆိုပါက ယင်းဥပဒေ၏ ပုဒ်မတစ်ခုချင်းအလိုက် စိစစ်ရသကဲ့သို့ ယင်းပုဒ်မ တစ်ခုချင်းကလည်း ဥပဒေတစ်ခုလုံးတွင်ပါသည့် အချက်အလက်များနှင့် လိုက်လျောညီထွေ ရှိ/မရှိ ဆိုသည်ကို ကြည့်ရှုရပါကြောင်း၊ ထို့ပြင် ဥပဒေတစ်ခုသည် အခြားဥပဒေများနှင့် မည်မျှညီညွတ်ဆီလျော်မှု ရှိသလဲဆိုသည်ကို အပြန်အလှန် လေ့လာရပါကြောင်း၊ ဥပဒေပြုရာတွင် Spirit of Law ဟုဆိုသည့် ဥပဒေ အနှစ်သာရကို ကြည့်ရသကဲ့သို့ Letter of Law ဟုဆိုသည့် ဥပဒေ ဝေါဟာရကိုလည်း ကြည့်ရပါကြောင်း၊ ဥပဒေ၏အနှစ်သာရကို ဦးစားပေးလွန်းသည့်အခါတွင် ဥပဒေ၏ဝေါဟာရ ပျောက်တတ်သကဲ့သို့ ဥပဒေ၏ ဝေါဟာရကို ဦးစားပေးလွန်းပါကလည်း ဥပဒေ၏ အနှစ်သာရ ကွယ်ပျောက်တတ်ပါကြောင်း၊ ယင်းတို့ကိုလည်း အထူးဂရုစိုက်စေလိုပါကြောင်း။

 

ထို့ပြင် ဥပဒေတစ်ခုကိုပြုပါက ယင်းဥပဒေ၏ နောက်ကြောင်း အခြေခံအချက်အလက် သမိုင်းကြောင်းများကို သိရှိရန်လိုအပ်ပါကြောင်း၊ နောက်ကြောင်းအခြေခံ အချက်အလက် သမိုင်းကြောင်းများကို သိမှသာ ဥပဒေတစ်ခုကို မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့အရေးကြီးသည့် ဥပဒေပြုရေးမဏ္ဍိုင်က နိုင်ငံတော်၏ မူဝါဒများကိုလည်း ဥပဒေအဖြစ် ရေးဆွဲပေးရပါကြောင်း။

 

မေးခွန်းများ၊ အဆိုများ ဥပဒေပြုသည့် အခါများတွင် ကိုယ်စားလှယ်အားလုံးက ဆွေးနွေးရခြင်း၊ ညှိနှိုင်းရခြင်းများ ရှိပါကြောင်း၊ ထိုသို့ ဆွေးနွေးညှိနှိုင်းသည့်အခါတွင်လည်း ဥပဒေပြုရေးမဏ္ဍိုင်နှင့် လိုက်လျောညီထွေသည့် အသုံးအနှုန်း၊ အပြောအဆိုများဖြစ်ရန် လိုအပ်ပါကြောင်း၊ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် ဆိုင်သကဲ့သို့ မိမိ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့်လည်းဆိုင်ပါကြောင်း၊ ထိုသို့ ဆွေးနွေးကြသည့် အခါတွင်လည်း တစ်ဦးနှင့်တစ်ဦး အပြုသဘောအမြင်နှင့် ဆွေးနွေးကြစေလိုပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးအတွက် အပြုသဘောဆောင် ဆွေးနွေးကြပါက အောင်မြင်မှု ရနိုင်မည်ဖြစ်ပါကြောင်း။

 

မိမိ၏အတ္တကို ဦးတည်ပြီး ဆွေးနွေးမည်ဆိုပါက အပြုသဘောမဆောင်ဘဲ အောင်မြင်မှုလည်း ရနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် အပြုသဘောနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ မဏ္ဍိုင်ကြီး (၁၂) ရပ်တွင် ပါဝင်သည့် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းဆိုသည့် အချက်များနှင့် အကျုံးဝင်ပါကြောင်း၊ ဒီမိုကရေစီကျင့်စဉ်တွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သဘောထားကြီး၊ သည်းခံပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရမည်ဖြစ်ပါကြောင်း၊ ထို့နောက်တွင်  အများ၏ ဆုံးဖြတ်ချက်ကို လိုက်နာရသကဲ့သို့ အနည်းစု၏ သဘောထားကိုလည်း အလေးထားကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဒီမိုကရေစီကျင့်စဉ်ကို မြတ်နိုးတန်ဖိုးထားပြီး အမှန်တကယ် ကျင့်သုံးနိုင်မှသာလျှင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် မိမိတို့ကိုယ်တိုင် မည်မျှပြုပြင် ပြောင်းလဲနိုင်ပြီဆိုသည့် စံချိန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် မိမိတို့ မည်မျှပြုပြင်ပြောင်းလဲနိုင်စွမ်း မည်မျှရှိသည်ဆိုသည့်အပေါ်တွင် မူတည်နေပါကြောင်း၊ မိမိတို့အားလုံးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အားလုံးကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီး၊ ဒီမိုကရေစီ ကျင့်စဉ်ကို မှန်မှန်ကန်ကန် ကျင့်သုံး၍ ဒီမိုကရေစီ၏ မဏ္ဍိုင်ဖြစ်သည့် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းများဖြင့် နိုင်ငံတော်က သန္နိဋ္ဌာန် ချထားသည့်၊ နိုင်ငံသူ နိုင်ငံသားများကလည်း နှစ်ရှည်လများ လိုလားတောင့်တပြီး အာသာဆန္ဒပြင်းပြနေသည့် ဒီမိုကရေစီနိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်ကြပါဟု ပြောကြားသည်။